


၂၅.၄.၂၀၂၅
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၅)၊ အမှတ်(၅၃)ရှိ “ပြည့်စုံအောင်” ဘိလပ်မြေ ဂိုထောင်တွင် ဧပြီလ ၂၃ ရက်က ဘိလပ်မြေအတုများတွေ့ရှိသဖြင့် ပိုင်ရှင်နှင့် အလုပ်သမား ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဘိလပ်မြေများကို ကျောက်မှုန့်နှင့် ရောစပ်ကာ အတုပြုလုပ်ထားခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးမရှိဘဲ တုပပြုလုပ်ထားသည့် ဘိလပ်မြေများနှင့် ရောစပ်ရာတွင် အသုံးပြုသော လက်သုံးကိရိယာများကိုလည်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်တွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် စျေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများက လိုက်လံစစ်ဆေးရာမှ အရည်အသွေးမမီသောဘိလပ်မြေအတုများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဘိလပ်မြေဂိုထောင်ထဲမှ ၆ ဘီးမော်တော်ယာဉ် ၁ စီး၊ကြံ့နှစ်ကောင်တံဆိပ်၊ APACHE တံဆိပ်၊ SHAN YOMA တံဆိပ်ပါ အိတ်တို့ဖြင့် ကျောက်မှုန့်နှင့်ရောစပ်ထားသည့် ဘိလပ်မြေအိတ်ပေါင်း ၄၇၉ အိတ်၊ ကျောက်မှုန့်အိတ် ၅၃၅ အိတ်၊ တံဆိပ်မျိုးစုံဘိလပ်မြေအိတ်ခွံ ၃၂၀၀၀ အိတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
“အဆောက်အအုံတွေ ကြံ့ခိုင်ဖို့အတွက် အဓိကကျတဲ့ ဘိလပ်မြေကို ကျောက်မှုန့်ရောပြီး ကိုယ်ကျိုးစီးပွားရှာတာတော့ မဖြစ်သင့်ဘူး။ လူ့အသက်တွေက ကစားစရာမဟုတ်ဘူးလေ။ ထိထိရောက်ရောက်အရေးယူနိုင်မှ နောက်လူတွေလည်း မလုပ်ရဲမှာ”ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
ဘိလပ်မြေအတုများ တွေ့ရှိမှုနှင့်ပတ်သက်၍ ဘိလပ်မြေအတု ပြုလုပ်ရာတွင် ပါဝင်သည့် ပိုင်ရှင် စိုးတင့်အောင်နှင့် အလုပ်သမား ၇ ဦးတို့ကိုရာဇသတ်ကြီးပုဒ်မ -၄၂၀၊ ၁၁၄ အပါအဝင် ပုဒ်မ ၄ ခုဖြင့် အေးသာယာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။