၂၄. ၁. ၂၀၂၂
Written by Nay Moe
NUG ၏ တပ်ရင်း Thabeikkyin PDF NUG အမှတ် (၁၂၂၂) အား SAC ၏ လခရတပ်များမှ မြေပြင်၊ ဝေဟင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်၍ စခန်းစွန့်ခွာထွက်ပြေးရသည့်အပြင် စစ်ကြောင်းမှူးပါသေဆုံးပြီး တပ်ဖွဲ့ဝင်သုံးဦးလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်အချိန်တွင် မိုးကုတ်မြို့နယ် မိုင်းဟုန်း ကျေးရွာအနီးရှိ NUG တပ်ရင်း (၁၂၂၂) ရှိသည့် ရှေ့တန်းစခန်းနေရာအား လေကြောင်းတိုက်ခိုက်မှု မိနစ် ၃၀ ခန့်နှင့် မြေပြင်မှလည်း စစ်ကြောင်း (၄) ကြောင်း အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုတွင် ဝေဟင်မှ ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးသီး (၃၀) ခန့် ကြဲချကာ စက်လက်များဖြင့်လည်း ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းထိုး၍ တက်လာခဲ့သော လခရများမှလည်း ၄၀ မမ၊ ၆၀ မမ၊ M9 များ၊ ငါးကြင်းမှီးများဖြင့်လည်း တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် NUG တပ်ရင်း ၁၂၂၂ မှ စစ်ကြောင်းမှူးတစ်ဦး လေယာဥ်ပေါ်မှ ကျဲချသော လက်နက်ကြီး ဗုံးဆံ ထိမှန် သေဆုံးခဲ့ပြီး ရဲဘော် (၃)ဦးမှာ အပြင်းအထန်ဒဏ်ရာရှိခဲ့ကာ(မစိုးရိမ်ရ) ကျန်ရဲဘော်များမှာ ကာပစ် ပစ်၍ ဆုတ်ခွာနိုင်ခဲ့သောကြောင့် အထိအခိုက်မရှိခဲ့ဟု ဆိုသည်။
“မြေပြင်စစ်ကြောင်း ထိုးရုံသာမက ဝေဟင်ကလည်း တိုက်ခိုက်ခဲ့တာကြောင့် စခန်းကို စွန့်ခွာခဲ့ရပြီး စခန်းမှာရှိတဲ့ မီးစက်၊ ဒိုင်နမို၊ ဆိုင်ကယ် (၅)စီး၊ ရိက္ခာပစ္စည်းအမြောက်အများ၊ ရဲဘော်တွေရဲ့ ကျောပိုးအိတ်နဲ့တခြားသော ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရပါတယ်” ဟု Thabeikkyin PDF NUG အမှတ် (၁၂၂၂)က ဆိုသည်။
သို့သော် စစ်ကြောင်းထိုးတိုက်ခိုက်မည်ကို ကြိုတင်သတင်းရရှိခဲ့ခြင်းကြောင့် စခန်းအနီးတွင် တိုက်မိုင်းများကြိုတင် ထောင်ထားခဲ့သည့်အတွက် မြေပြင်မှတက်လာသည့် လခရတပ်သား (၃၀) နီးပါး ထိခိုက် thay ဆုံးခဲ့ကြောင်း မြေပြင် ဒေသခံများသတင်းပေးပို့မှုကြောင့် အတည်ပြုနိုင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။