
၂၄.၄.၂၀၂၅
Written by KL
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၀၁/၇)တွင် ယနေ့ ဧပြီလ ၂၄ ရက် ညနေ ၃ နာရီ ၄၀ ခန့်က အမျိုးသမီးယာဥ်မောင်း အိပ်ငိုက်ရာမှ Cadina အမျိုးအစား အဖြူရောင်ယာဉ်မှာ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းများကို ဝင်ရောက်တိုက်မိပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးကြီး မောင်းနှင်လာပြီး ယာဥ်မောင်း အမျိုးသမီးအပြင် အခြားသော အမျိုးသမီးတစ်ဦး၊ကလေးနှစ်ဦးအပါအဝင် လေးဦးလိုက်ပါလာသည့် Cadina မော်တော်ယာဥ်မှာ မိုင်တိုင်အမှတ် ၁၀၁/၇ အရောက်တွင် ယာဥ်မောင်းအိပ်ငိုက်၍ လမ်းဘေးတွင် ကာရံထားသော Guard Rail တန်းကို ဝင်တိုက်ကာ မော်တော်ယာဥ် ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဥ်တိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ယာဥ်မောင်း အမျိုးသမီးတွင် ဦးခေါင်းနှင့်နဖူးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
“ကားပေါ်လိုက်ပါလာတဲ့ ကလေး ၂ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဘာမှမဖြစ်ပေမယ့် ယာဥ်မောင်းက ဒဏ်ရာရသွားတယ်။ ယာဥ်မောင်းက နေပြည်တော်ကပါ”ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် မော်တော်ယာဥ်မှာ ယာဥ်ခေါင်းပိုင်းပိန်ချိုင့်ကာ၊ အရှေ့ လေကာမှန်ကွဲအပ်ပြီး ညာရှေ့နှင့် ညာနောက်တံခါးမှန်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။