
၂၄.၄.၂၀၂၅
Written By Thandar
ဆရာတော်အသျှင်ကုမာရ ဦးဆောင်မှုနဲ့အတူ ယာယီစစ်ဘေးရှောင်ပြည်သူတွေအတွက် ဂက်စ်မီးဖိုအလုံး ၅၀ ကျော် မဲနှိုက်ပေးဝေခြင်းကို ယနေ့ ဧပြီလ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
“ဦးဇင်းအနေနဲ့ ဒီနေ့ကျောင်းမှာ ယာယီစစ်ဘေးရှောင်ပြည်သူတွေကို အိမ်ထောင်စု ၂၀၀ လောက်ရှိတာကို လျှပ်စစ်မီး လာလိုက်၊ မလာလိုက်ဆိုတော့ အိုင်ဒီယာတစ်ခုရသွားတာက အိမ်ရှင်မတွေ တကယ်လိုအပ်နေတဲ့ ဂက်စ်မီးဖိုကို လိုအပ်တယ်လေ။ နေ့စဉ်ချက်ပြုတ်နေရတာဆိုတော့လေ။ လျှပ်စစ်မီးမလာချိန်မှာ ဂက်စ်မီးဖိုသုံးစွဲနိုင်ဖို့ ခုလိုလှူဒါန်းဖြစ်တာပါ။ အိမ်ရှင်မတွေရော လူတိုင်းက တကယ်လိုအပ်တာမို့ မဲနှိုက်ပြီးပေးတာပါ”လို့ ဆရာတော်အသျှင်ကုမာရက MT Entertainment ကို မိန့်ကြားပါတယ်။

အဆိုပါ လှူဒါန်းမှုမှာတော့ ကျောင်းရှိ ယာယီစစ်ဘေးရှောင် မိသားစု အယောက် ၂၀၀ ကျော်ကို ဂက်စ်မီးဖိုအကြီး ၃၀ ကျော်နဲ့ မီးဖိုအသေးက ၂၄ လုံးကို မဲနှိုက်ပြီး ပေးအပ်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အနုပညာရှင်ဖြစ်တဲ့ ဇာတ်ညွှန်းကိုအောင်ကြီး၊ ရုပ်ရှင်သရုပ်ဆောင် မျိုးစန္ဒီကျော်တို့ကလည်း မကြာခင် ငလျင်ဘေးသင့်ပြည်သူတွေ လှူဒါန်းဖို့အတွက် ပစ္စည်းတွေထည့်ပြီး လုပ်အားဒါနတွေ ကုသိုလ်ပြုပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။