




၂၄. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ ဥပ္ပါတသန္တိစေတီတော်ကြီး ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်အား ဆက်လျက်ပြုပြင်ရန်နှင့် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများကို မိုးရာသီမရောက်မီ ရနိုင်သမျှပြုပြင်ရန် မှာကြားခဲ့သည်။
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)အတွင်းရှိ စာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍ စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်း၊ မှတ်တမ်းတင်ခြင်းများဖြင့် ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်ခြင်းများ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် ပညာလိုလားသူများအတွက် လွတ်လပ်စွာဖြင့် ပညာရှာမှီးနိုင်သည့် တက္ကသိုလ်တစ်မျိုးဖြစ်ပြီး အဖိုးတန်နေရာတစ်ခုဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။





စာကြည့်တိုက်အတွင်း နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကို ရေးသားဖော်ပြထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို နောင်လာနောက်သားတို့ အမှန်အတိုင်းသိရှိနိုင်ရန် လိုသည့်အတွက် မိမိတို့တာဝန်ရှိသူများအနေဖြင့် အစဉ်အဆက် လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့်ရှောက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်ကြီးရှိ ရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိက အဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျဖြင့် အမြန်ဆုံးဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်သွားနိုင်ရန် လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
အဆိုပါ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျ တွက်ချက်၍ အုတ်မြစ်ချ တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် ယခုငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။