၂၄. ၁. ၂၀၂၃
Written by Ye Kyaw
အမေရိကန်၊ ရုရှား၊ ဗြိတိန်နှင့် အာရှနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှုများခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်များထက် ၇၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခင်နှစ်ဝင်ရောက်မှုနှင့် နှိုင်းယှဥ်ပါက ၇၈ ရာခိုင်နှုန်း ပိုမိုတိုးတက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“အဓိကလာရောက်ကြသော လူမျိုးများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗြိတိန်နဲ့ ရုရှားတို့ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောကြားသည်။
မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာစေရန် ပြည်ပနိုင်ငံများ၌ ကျင်းပလေ့ရှိသော နိုင်ငံတကာ ခရီးသွားပြပွဲများ၊ ခရီးသွားမြှင့်တင်ရေး ညီလာခံများတွင် သာမက ယင်းနိုင်ငံများရှိ လေကြောင်းလိုင်းများတွင်ပါ မြန်မာနိုင်ငံရှိ ခရီးစဥ်ဒေသများအား မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ ငပလီကမ်းခြေသို့ ပြည်တွင်းပြည်ခရီးသွားများ ပိုမိုလာရောက်စေရန် သံတွဲလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၀ ရက်တွင် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံစဥ် ပြောကြားထားသည်။