
ပသုံးလုံးယန္တရား ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုးပမ်းဆောင်ရွက်မှုတိုင်းမှ ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာရန် လိုအပ်ကြောင်းပါ ပြော
၂၄. ၄. ၂၀၂၅
Written by Nay Moe
PDF များ မူလတော်လှန်ရေးရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာငွေများကို မရိုးမသားစီမံခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများ တွေ့ရှိရသည်ဟု NUG က ယနေ့ပြုလုပ်သည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၅/၂၀၂၅) တွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ဖော်ဝန်ခံလိုက်သည်။
CRPH နှင့် NUG တွင် နေရာယူကာ ပြည်ပထွက်ပြေးသည့် အမတ်များနှင့် NUG အစိုးရအဖွဲ့ဝင်များ၏ မိသားစုလိုက် စည်းစိမ်ခံကာ ပြည်သူ့အလှူငွေကိုယ်ကျိုးရှာနေသည်ဟု ဝေဖန်မှုများနှင့် ထောက်ပို့များ ကိုယ်ကျိုးရှာ ချမ်းသာနေမှုများအကြား မန်းဝင်းခိုင်သန်းက PDF ဟု ခေါ်သော ပသုံးလုံးများဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များသည်လည်း ၎င်းတို့နှင့် ထပ်တူဖြစ်ကြောင်း ဝေဖန်လိုက်ရင်း သေဖော်ညှိ အပြစ်ဖို့လာခြင်းလည်းဖြစ်သည်။
NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ်လည်းဖြစ်သူ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် တော်လှန်ရေးကာလအတွင်း ကြားကာလအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများစွာရှိခဲ့သော်လည်း အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန်နှင့် ပြည်သူ့ဝန်ဆောင်မှု၊ ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန် ကြိုးပမ်းခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ သို့ရာတွင် အချို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် မူလတော်လှန်ရေးရည်မှန်းချက်များအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုခြင်း၊ ဘဏ္ဍာငွေများကို မရိုးမသားစီမံခြင်းနှင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာခြင်းများ တွေ့ရှိရသည့်အပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း၊ အစိုးရ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကြပ်မတ်မှုများတွင်လည်း လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ပသုံးလုံးယန္တရား ပြုပြင်ပြောင်းလဲမှုများကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုးပမ်းဆောင်ရွက်မှုတိုင်းမှ ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာရန် လိုအပ်ကြောင်း နှင့် အစိုးရအဖွဲ့ဝင်များအနေဖြင့်အလုပ်တာဝန်များ များပြားလွန်းသဖြင့် အချိန်နှင့်လူကို သေချာစီမံခန့်ခွဲကာ တော်လှန်ရေးရှေ့ခရီးကို ကျန်းမာဘေးကင်းစွာ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါကြောင်း” ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၅) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟုလည်း မန်းဝင်းခိုင်သန်း၏ ထုတ်ပြန်ချက်အရ သိရသည်။