
၂၄.၄.၂၀၂၅
Translated by Htwe Ko Tun
တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်အကွာရှိ မာမာရာ ပင်လယ်ပြင် ( Marmara Sea)အတွင်း အနက် ၆ဒသမ ၉၂ ကီလိုမီတာ(၄ ဒသမ ၃ မိုင်) ဗဟိုပြုလျက် ပြင်းအားမဂ္ဂနီကျူ့ ၆ ဒသမ ၂ ရှိ အင်အားပြင်းငလျင်တစ်ခုက ဧပြီလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ် (ဂျီအမ်တီ ၀၉၄၉ နာရီ) က လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။
တူရကီငလျင်အေဂျင်စီ AFAD ကလည်း ထိုငလျင်က ပြီးခဲ့သည့်နှစ်များအတွင်း အစ္စတန်ဘူလ်မြို့ ခံစားခဲ့ရသောငလျင်လှုပ်ခတ်မှုများအနက် အပြင်းထန်ဆုံးတစ်ခုဟုပြောခဲ့သလို ငလျင်ကြောင့် လူဦးရေ ၁၆ သန်းနေထိုင်ရာ အစ္စတန်ဘူလ်မြို့ရဲ့ တိုက်တာအဆောက်အအုံများစွာလှုပ်ခတ်သွားခဲ့ကာ လူများစွာမှာလည်း လမ်းတွေပေါ်ကြောက်လန့်တကြားပြေးထွက်လာခဲ့ကြတာ တွေ့ရပါတယ်။
လူတချို့မှာလည်းကြောက်လန့်ပြီး အဆောက်အအုံအမြင့်တွေရဲ့ ပြတင်းပေါက်တွေက ခုန်ချခဲ့ကြလို့ ဒဏ်ရာရသူစုစုပေါင်း ၁၅၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာရရှိသူများမရှိခဲ့သလို ငလျင်ကြောင့်သေဆုံးရသူလည်း မရှိဘူးလို့ သိရပါတယ်။ ငလျင်ကြောင့် အစ္စတန်ဘူလ်မြို့မှာ အဆောက်အအုံထိခိုက်ပြိုလဲမှုလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ငလျင်လှုပ်အပြီးမှာတော့ မြို့နေပြည်သူတွေဟာ အဆောက်အအုံတွေထဲ ပြန်မဝင်ကြဘဲ ပန်းခြံတွေလို နေရာလွတ်တွေမှာ စုဝေးနေရာယူနေကြတာ တွေ့ရပါတယ်။ ငလျင်လှုပ်ခတ်ပြီး တစ်ရက်မပြည့်သေးခင် ကာလမှာကို နောက်ဆက်တွဲငလျင်တွေလည်း အနည်းဆုံး ၅၁ ကြိမ်အထိ လှုပ်ခတ်ခဲ့တယ်လို့သိရပြီး ဒီထဲမှာ အင်အားအပြင်းဆုံးအနေနဲ့ ပြင်းအားမဂ္ဂနီကျူ့ ၅ ဒသ မ ၉ အထိ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တူရကီနိုင်ငံက ငလျင်ကြောတွေပေါ်မှာရှိနေလို့ ငလျင်မကြာခဏလှုပ်တတ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား မဂ္ဂနီကျူ့ ၇ ဒသမ ၈ ရှိငလျင်ကြောင့် တူရကီနိုင်ငံရဲ့ တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းရှိပြည်နယ် ၁၁ ခုမှာ လူ ၅၃,၀၀၀ ကျော်သေဆုံးခဲ့ပြီး အိုးအိမ်အဆောက်အအုံ သိန်းနဲ့ချီလို့ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။
Ref- CNN


