
၂၄.၄.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အပြင်းထန်ဆုံး စိန်ခေါ်မှုတွေနဲ့အတူ Fittest On Earth- FOE Season 2 စာနယ်ဇင်း မိတ်ဆက်ပွဲကို ဧပြီ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“Fitness Reality Program ဖြစ်တဲ့ နိုင်ငံတကာအားကစားပြိုင်ပွဲဖြစ်တဲ့ FOE Season 1 နဲ့ Season 2 က နည်းနည်းကွာသွားပါတယ်။ ပြောရမယ်ဆိုရင် ရှေ့အစီအစဉ်က နည်းနည်း ဒရာမာများခဲ့တာပေါ့။ ခုကတော့ ပြိုင်ပွဲဝင်တွေ အားလုံးက တကယ့်ကို အပြီးဖြုတ်ကြတာပါ။ တော်တော်လေး မိုက်ပါတယ်။ ကျွန်တော်တို့အရင် Season 1 ပြိုင်တုန်းက ဆုကြေးငွေ ကျပ်သိန်း ၅၀၀ တိတိနဲ့ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေခါးပတ်နဲ့ အခြား တန်ဖိုးကြီးဆုတွေကို ပေးအပ်ခဲ့တာပါ။ ဒီအစီအစဉ်ကတော့ ပိုပြီးတော့ ဆုကြေးတွေ သိန်း ၁၀၀၀ လည်းများတယ်။ ရွှေခါးပတ်က လက်ရှိတန်ဖိုးနဲ့ဆိုရင်တော့ သိန်း ၈၀၀ လောက်ရမှာပါ။ ဒီရက်ပိုင်းထဲ ထုတ်လွှင့်တာမို့ အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ Host အဖြစ် ပါဝင်ဆောင်ရွက်သူ ထူးအောင်က ပြောပါတယ်။
အဆိုပါပွဲမှာ Season 2 မှာ ပါဝင်မယ့် အနုပညာရှင်တွေ အားကစားသမားတွေဖြစ်တဲ့ အဖွဲ့ဝင် ၁၈ ယောက်ကို မိတ်ဆက်ပေးခဲ့ကြပါတယ်။ Host အနေနဲ့ သရုပ်ဆောင် ထူးအောင်က ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးတော့ ပြိုင်ပွဲဝင်တွေကတော့ သရုပ်ဆောင် ထွန်းထွန်း၊ အိမ့်သီရိကျော်၊ သရုပ်ဆောင် အေးမြတ်သူ၊ သရုပ်ဆောင် နေနွယ်ဇင်လင်း@ဂူးဂူး၊ ဆု၊ J Fire၊ ကစ်ကစ်၊ ကိုရဲ၊ မျိုးမင်းထက်၊ မောင်မောင်သန့်၊ နန္ဒာ၊ သရုပ်ဆောင် ငြိမ်းချမ်း၊ ရွှန်း၊ အလှမယ်သီးသီးစပျစ်ချို၊ ဝါမူး၊ ရာဇာ၊ Ye Min Debeast၊ ရဲထက်တို့က ပါဝင်ကြမှာဖြစ်ပါတယ်။
ဒီ Season 2 မှာတော့ Challenge ဆယ်ခုကို ကျော်ဖြတ်နိုင်တဲ့ Winner ဟာ ဆုကြေးငွေကျပ်သိန်း ၁၀၀၀ တိတိအပြင် ရွှေသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေခါးပတ် ရရှိပိုင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။
Fittest On Earth@FOE Season 2 ကိုတော့ လာမယ့် ဧပြီ ၂၇ ရက်နေ့ တနင်္ဂနွေနေ့ ည ၈ နာရီတိုင်းမှာ Channel 7 ရုပ်သံလိုင်းနဲ့ Pyone Play App က ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။
#ထွန်းထွန်း #အေးမြတ်သူ #JFire #HtooAung #NayNweZinLin #TunTun #AyeMyatThu #MyanmarCele #FittestOnEarth #FOE






