၂၄. ၁. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါးပြည်နယ်၏ မြို့တော် ဒက်စ်မွိင်းတွင် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်း က လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြန်ရာ ကျောင်းသားနှစ်ဦးသေဆုံးပြီး ကျောင်း၏ဆရာတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း သတင်းများကဆိုသည်။
သေဆုံးသူများမှာ အသက် ၁၈ နှစ်နှင့် အသက် ၁၆ နှစ်ရှိ လူငယ်ကျောင်းသားနှစ်ဦးဖြစ်ပြီး ၎င်းတို့အားဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ခဲ့ရာ ဆေးရုံတွင်သေဆုံးခဲ့ကြသလို ကျောင်းကိုတည်ထောင်သူ အသက် ၄၉ နှစ်ရှိ ဝီလီယံဟုမ်းစ်မှာလည်း ဒဏ်ရာများပြင်းထန်စွာရခဲ့ကြောင်း ဒက်စ်မွိင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။
အဆိုပါ လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းသို့ အသက် ၁၈ နှစ်ရှိ ပရီစတုန်းဝေါလ်က လုပ်သေနတ်တစ်လက် ယူဆောင်လာခြင်းဖြစ်ကာ သေဆုံးသူနှစ်ယောက်နှင့် ထိပ်တိုက်တွေ့ဆုံ အချင်းများခဲ့ကြသည်။ ၎င်းတို့သုံးဦးစလုံးက ဂိုဏ်းအသီးသီးသို့ ဝင်ထားခဲ့ကြသူများဖြစ်ပြီး ဆန့်ကျင်ဖက်ဂိုဏ်းများဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် ပရီစတုန်းက ၎င်းတွင်ပါလာသော သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သည်။ ပရီစတုန်းမှာလက်နက်မှုဖြင့် စွဲချက်တင်ခံထားရသူဖြစ်ကာ စောင့်ကြည့်ကြီးကြပ်မှုဖြင့် လွှတ်ပေးခံထားရသူဖြစ်သည်။
၎င်းက ပစ်ခတ်မှုမဖြစ်ပွားမီ ၁၆ မိနစ်ခန့်တွင် ခြေကျင်းဝတ်၌တပ်ဆင်ထားသော ၎င်းမည်သည့်နေရာရောက်ရှိနေသည်ကိုဖော်ပြသည့် စောင့်ကြည့်ကိရိယာအား ဖြုတ်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
ပရီစတုန်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သော်လည်း ၎င်း၏ လုပ်သေနတ်ကိုမူ အနီးမှပင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲက ပြောခဲ့သည်။
Ref-AP