
၂၄. ၄. ၂၀၂၅
Written by Thettant
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ Sky Villa Condo ကို ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေရာမှာ ဒီနေ့ အမျိုးသား ရုပ်အလောင်းလေးခုကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယန္တရားများစွာနဲ့အတူ ရုပ်အလောင်းကျန်ရှိနေတဲ့ Sky Villa အဆောက်အဦ C အဆောင်နဲ့ D အဆောင်တို့ကို ဒီနေ့မှာ ဖယ်ရှားရှင်းလင်းမှုနဲ့ ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းတွေ ဆောင်ရွက်ချိန် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်မှာ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြီး နံနက် ၁၁ နာရီအချိန်မှာတော့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းနဲ့ ကလေးငယ် (ကျား) တစ်ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့တာပါ။
Sky Villa မှာ ကူညီကယ်ဆယ်မှု မှတ်တမ်းတွေအရ ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းအထိ အသက်ရှင်သူ ၅၂ ယောက်နဲ့ သေဆုံးရုပ်အလောင်း ၁၀၃ လောင်းကို ထုတ်ယူနိုင်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
ဒါပေမဲ့လည်း ပြိုကျ Sky Villa လေးလုံးမှာ လူဦးရေ ၃၅၀ ခန့်နေထိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ပြိုကျအဆောက်အဦတွေအောက်မှာ ရုပ်အလောင်း ၁၀၀ ကျော် ကျန်ရှိနေဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။





