
၂၄.၄.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်သည့် တရားမဝင် မြန်မာနိုင်ငံသားများနှင့် ပွဲစားနှစ်ဦး ယမန်နေ့ ဧပြီလ ၂၃ ရက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ၊ နခွန်စဝမ်မြို့၊ နောင်ကလစ်ရပ်ကွက်ရှိ အမြန်လမ်းမပေါ် အရှိန်မြှင့်မောင်းနှင်သည့် ပစ်ကပ်ယာဉ် နှစ်စီးကို မသင်္ကာဖြစ်သောကြောင့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက အဆိုပါ ယာဉ်နောက်မှ လိုက်ပါစစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်နှစ်စီးပေါ်တွင် တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ဦးနှင့် ယင်းတို့ကို ခေါ်ဆောင်လာသည့် ပွဲစားနှစ်ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယင်း ပွဲစားများမှာလည်း မြန်မာနိုင်ငံသားများဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်၊ တာ့က်ခရိုင်၊ မဲဆောက်မြို့မှ စမွတ်ဆာခွန်ခရိုင်သို့ ပို့ဆောင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ယင်းကြောင့် ဖမ်းမိသူ မြန်မာနိုင်ငံသား ၃၂ ဦးအပြင် ပစ်ကပ်ယာဉ်နှစ်စီးကိုလည်း သက်သေခံ သိမ်းဆည်း၍ ထိုင်းနိုင်ငံ ဥပဒေအတိုင်း အရေးယူရန် နခွန်စဝမ်ရဲစခန်းသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။


