နေပြည်တော်ရှိ မြို့မဈေးကြီး အသစ်ပြန်တည်ဆောက်နေချိန် ပျဉ်းမနားမြို့နယ် ရန်ကုန်- မန္တလေး လမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ပြီး အနည်းငယ်သာ ပျက်စီးခဲ့သည့် ဈေးဆိုင်များကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်ရောင်းခွင့်ပြုသွားမည်





၂၄. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့ အမှတ် (၁) မြို့မဈေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ယမန်နေ့က သွားရောက်စစ်ဆေးခဲ့ပြီး စိုက်ပျိုး/မွေးမြူရေး (သိပ္ပံ)ကျောင်းကို ကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြုပြင်ရန် မှာကြားခဲ့သည်။
မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးရှိ ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦ A အဆောင်၊ B အဆောင်နှင့် ထိခိုက်မှုအနည်းငယ်သာရှိသည့် C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများ၏ ကြံ့ခိုင်မှုအခြေအနေများကို SAC ဒုတိယဥက္ကဋ္ဌက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ပျဉ်းမနား အမှတ်(၁) မြို့မဈေးသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြေဧက ၄ ဒသမ ၃၇၅ ဧက ကျယ်ဝန်းကာ ဈေးအဆောက်အဦ A၊ B၊ C နှင့် D အဆောင်တို့မှ ဆိုင်ခန်းပေါင်း ၁၃၆၉ ခန်းရှိသည့်အနက် ငလျင်ဒဏ်ကြောင့် A အဆောင်နှင့် B အဆောင်တို့ ဈေးဆိုင်ခန်းပေါင်း ၃၉၃ ခန်း ပျက်စီးသွားကြောင်း သိရသည်။
ထို့ပြင် ထိခိုက်မှုအနည်းငယ်သာရှိသည့် ဈေးအတွင်းမှ အဆောက်အဦး C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ရောင်းချခွင့်ပြုထားကြောင်း၊ မြို့မဈေးကြီး အသစ်ပြန်လည်တည်ဆောက်မည့် ကာလတွင် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝန်းအတွင်း ယာယီဈေးဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) သို့ သွားရောက်စစ်ဆေးခဲ့ပြီး မူလအဆောက်အဦပုံစံအတိုင်း ဆောက်လုပ်ရေး၊ မဆောက်လုပ်မီ မြေအနေအထားစမ်းသပ်ပြီးမှ ဆောက်လုပ်ရေး၊ အနည်ငယ်ပြုပြင်ရမည့် စာသင်ဆောင် အဆောက်အဦများ ကြံ့ခိုင်ရေးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြုပြင်ခြင်းအား ဇွန်လ ကျောင်းဖွင့်ချိန်အမီ ပြုပြင်သွားရန်၊ အရေးကြီး စာရွက်စာတမ်းများနှင့် သင်ထောက်ကူ ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။
ယင်းနောက် အဆိုပါကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုများကို တွေ့ဆုံအားပေးစကားပြောကြားပြီး အခြေခံစားသောက်ကုန် တစ်လစာ ထောက်ပံ့ပေးမည့် အခြေအနေနှင့် ယာယီကျောင်းရုံးခန်း အဆင်ပြေစေရေး Modular House များဖြင့် စီမံဆောင်ရွက်ပေးမည့် အခြေအနေများကို SAC ဒုတိယဥက္ကဋ္ဌက ပြောကြားကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပျဉ်းမနား)တွင် အဆောက်အဦ ၉၂ ရှိသည့်အနက် ရှေးဟောင်းအဆောက်အဦ ၅ လုံးအပါအဝင် အခြားအဆောက်အဦ ၃ စုစုပေါင်း ၈ လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီး နှစ် ၁၀၀ ပြည့် ရှေးဟောင်းအဆောက်အဦ ၁ လုံးအပါအဝင် အခြားအဆောက်အဦ ၄ လုံး စုစုပေါင်း ၅ လုံး အန္တရာယ်ရှိသည့်အဆင့် ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူ ၄၆၁ ဦးရှိပြီး စာသင်ဆောင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။