
၂၃.၄.၂၀၂၅
Written by Hey Mar
သူငယ်ချင်းလေးဦး ဧရာဝတီမြစ်ထဲ ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဧပြီလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်က ညောင်ဦးမြို့၊ ရုံးညောင်ပင်ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဖြစ်တဲ့ လောကအားမာန် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ရေနစ်တဲ့ ကလေးတွေက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် (၄)ရပ်ကွက်က ဆယ်ကျော်သက် ယောကျ်ားလေး လေးဦးဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ်တွေလို့ သိရပါတယ်။ ရေဆိပ်က ဘေးပတ်ဝန်းကျင်ကသူတွေ ပြောချက်ကို အသင်းက ပြန်လည်ပြောပြရာမှာတော့ သူငယ်ချင်းတစ်ဦး ရေနစ်နေတာကို ကျန်သုံးဦးက ဝိုင်းဆယ်ရင်း လေးဦးစလုံး နစ်သွားတာလို့ ဆိုပါတယ်။
လောကအားမာန် ပရဟိတအသင်းဥက္ကဋ္ဌကိုဆက်ပိုင်ဝင်းက”မြစ်ကြမ်းပြင်က ကမ်းစပ်ကနေ ရေလည်လောက်အထိက အနက်ညီတယ်။ ရေလည်လောက်မှာ ချောက်ဖြစ်နေတာ။ သဲ၊ ကျောက်စရစ်စုပ်ထုတ်တာတွေကြောင့် ဖြစ်လာတာ။ ကလေးတွေ ပြန်ရှာတွေ့တာလည်း အဲ့သည့်နားကပဲ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။




သေဆုံးသူ လေးဦးထဲမှ တစ်ဦးဖြစ်တဲ့ မောင်ဖြိုးညီညီက လာမယ့်နှစ် ညောင်ဦးမြို့ရဲ့ လူငယ်ဘောလုံးအားကစား လက်ရွေးစင်အဖြစ် အားကစားနဲ့ ကာယပညာသိပ္ပံကျောင်းကို တက်ရောက်မယ့်ကလေးဖြစ်ပြီး လောကအားမာန် ပရဟိတအသင်းအပါအဝင် ညောင်ဦးမြို့ အရန်မီးသတ်တပ်ဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းလည်းဖြစ်တာကြောင့် ရင်းနှီးသိရှိတဲ့ လူငယ်တွေလို့လည်း သိရပါတယ်။
“ကလေးလေးဦး ပြန်တွေ့ချိန်တွေက နှစ်ဦးက ရှာဖွေရေး စပြီး မိနစ်နှစ်ဆယ်ကျော်အတွင်းပြန်တွေ့တယ်။ တစ်နာရီ မထိုးခင် တွေ့တာ။ နောက်ထပ်နှစ်ဦးကတော့ နှစ်နာရီကျော်အချိန်မှာ ပြန်တွေ့တယ်” လို့ မြေပြင်မှာ တာဝန်ရှိသူတွေနဲ့အတူ ကူညီရှာဖွေပေးခဲ့တဲ့ လောကအားမာန်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
ရေနစ်သေဆုံးတဲ့ လူငယ်တွေရဲ့ ရုပ်အလောင်းကို ညောင်ဦးဆေးရုံကနေ လူငယ်တွေရဲ့ နေအိမ်ဆီ အသီးသီး ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာတော့ မနက် ၁၀ နာရီမှာ နှစ်ဦးနဲ့ ညနေ ၃ နာရီမှာ နှစ်ဦး တို့ကို ညောင်ဦးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။