
၂၃. ၄. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့ ယနေ့တွင် ရုရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ တံတားဦးလေဆိပ်မှ ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
ထိုသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန်သွားရောက်သည့် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက တံတားဦးလေဆိပ်သို့ သွားရောက်ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
ရုရှားသမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပြီးခဲ့သည့် မတ်လဆန်းပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိခဲ့စဉ် SAC ဥက္ကဋ္ဌအား ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ဖိတ်ကြားထားသည်။