
၂၃.၄.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သူ့အနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းကြဖို့ လမ်းဖွင့်ထားတယ်လို့ ဧပြီ ၂၁ ရက်က ပြောကြားခဲ့အပြီးမှာတော့ဇယ်လန်စကီးကလည်း “ယူကရိန်းကလည်း ရုရှားနဲ့တိုက်ရိုက် တွေ့ဆုံညှိနှိုင်းကြဖို့အဆင်သင့်ပါပဲ။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးကိုတော့ ဦးစွာသဘောတူရပါလိမ့်မယ်”လို့ ဧပြီလ ၂၂ ရက်မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
သုံးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့ အမေရိကန်ဖိအားပေးမှုကိုလည်း ခံနေရတဲ့ ယူကရိန်းသမ္မတအနေနဲ့ ဧပြီလ ၂၃ ရက်မှာ လန်ဒန်မှာ ဥရောပခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုပြုဦးမှာပါ။
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် အသိအမှတ်ပြုဖို့ အဆိုပြုထားပြီး ဒီကိစ္စကိုလည်း ဆွေးနွေးကြရမှာဖြစ်ပါတယ်။
ဇယ်လန်စကီးက “သတင်းစာဆရာတွေကို နှစ်ဖက်အပစ်အခတ်ရပ်စဲရေး အရင်လုပ်ပြီးရင်တော့ ဘယ်လိုပုံစံနဲ့မဆို တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုဆက်လုပ်သွားလို့ရပါတယ်”လို့ လည်း ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ရုရှားနဲ့ ယူကရိန်းငြိမ်းချမ်းရေးကို သူ သမ္မတတာဝန်ယူပြီး ၂၄ နာရီအတွင်း ရအောင်လုပ်ပေးနိုင်တယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် သုံးလကျော်လာတဲ့အထိ ယူကရိန်းပဋိပက္ခ အဆုံးသတ်ဖို့ ထူးခြားမှုတွေဖြစ်မလာသေးပါဘူး။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ကတော့ ဒီပဋိပက္ခမှာ အပစ်အခတ်ရပ်စဲရေးကို လျင်လျင်မြန်မြန်ရရှိနိုင်ဖို့အတွက် ဆိုတာကအင်မတန်မှတော့ ရှုပ်ထွေးလွန်းလှတယ်။ တင်းကျပ်တဲ့ အချိန်ဘောင်တစ်ခုသတ်မှတ်ပြီး ဒီကာလအတွင်း ဖြေရှင်းချက်ရဖို့ဆိုတာက မှန်ကန်တဲ့လုပ်ဆောင်မှုဖြစ်မှာမဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။
Ref- Kyiv Post