၂၄. ၁. ၂၀၂၃
Wtitten By Thandar
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ကနေ ဂီတအနုပညာလောကသားတွေ အခက်အခဲပြေလည်စေဖို့အတွက် ၅ ကြိမ်မြောက် ဆန်၊ ဆီ၊ ဆား ထုတ်ဝေပေးမှုကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှာ ပြုလုပ်ခဲ့ပါတယ်။
“ခက်ခဲနေတဲ့ ဂီတပညာရှင်များကို တတ်နိုင်သမျှ ဂီတအစည်းအရုံးကနေ အထောက်အကူပြုတဲ့ သဘောပါ။ လွတ်လပ်ရေးအကြို ဂီတ၊ သဘင်၊ အနုပညာသမားတွေ သွားရောက်ဖျော်ဖြေတဲ့အခါမှာ အစိုးရက ဂီတအစည်းအရုံးကို သိန်း ၁၅၀ လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်တိုင်းအစိုးရဘက်ကလည်း ဆန်တွေကို ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ ဂီတပညာရှင်တွေက အလုပ်အကိုင်တွေ မရှိကြဘူး။ ပြည်သူတွေက ငြိမ်းချမ်းသာယာဝပြောနေမှ ဂီတအနုပညာကို ခံစားကြတာဖြစ်တယ်။ ပြည်သူတွေက ပျော်ရွှင်မှုမရှိဘူးဆိုရင် ပညာရှင်တွေအားလုံးက ပြည်သူအပေါ် မှီတည်ပြီး နေရတာဖြစ်တယ်။ ပြည်သူတွေက ဂီတအနုပညာရှင်တွေအားလုံးရဲ့ ထမင်းရှင်ဖြစ်တယ်။ အခုအချိန်မှာ ဂီတအနုပညာရှင်အလုပ်အကိုင်တွေ မရှိကြတော့ ခက်ခဲနေကြတဲ့အချိန် တစ်ဖက်တစ်လမ်းက ကူညီခွင့်ရတဲ့အတွက် ဂီတအစည်းအရုံးအနေနဲ့လည်း ဝမ်းသာပါတယ်” လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးလွင်မြင့်ကပြောပါတယ်။
၅ ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားပေးဝေခြင်းကိုတော့ ဇန်နဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အထိ ကာလပေါ် အလွှာဂီတအဖွဲ့၊ ဇန်နဝါရီ ၂၇ ရက်မှာ မဟာဂီတအလွှာအဖွဲ့၊ ဇန်နဝါရီ ၃၀ ရက်ကနေ ၃၁ ရက်အထိ စတီရီယို၊ စက်မှု စတဲ့ ထုတ်လုပ်သူတို့ အလွှာအဖွဲ့၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်နေ့အထိ ထုတ်ရန်ကျန်ရှိတဲ့ ဂီတအနုပညာရှင်တွေကိုလည်း ဆန်၊ ဆီ၊ ဆားတို့ကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
ဂီတအစည်းအရုံးအဖွဲ့ဝင်ကြေးကိုတော့ ဂီတပညာရှင်ကို ကျပ် ၁၀၀၀၀ သတ်မှတ်ပြီး ဂီတဝါသနာရှင်ကတော့ ကျပ် ၅၀၀၀ ပေးသွင်းရပါတယ်။ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဟာ ၁၉၆၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက် အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။
ဂီတအနုပညာသမားတွေ အခက်အခဲပြေလည်စေဖို့အတွက် ကိုဗစ်ကာလ စတင်ကတည်းက ဆန်၊ ဆီ တို့ကိုလှူဒါန်းခြင်း အစီအစဉ်မှာလည်း ဂီတလောကသား ဦးရေ ၂၀၀၀ ဝန်းကျင် လာရောက်ထုတ်ယူကြနေကြပါတယ်။
လက်ရှိ သက်ကြီးဂီတပညာရှင် ၁၅၀ ကျော်လောက်ရှိပြီး လွတ်လပ်ရေးနေ့အတွက် ဖျော်ဖြေတင်ဆက်သူ ဂီတပညာရှင်တွေ ဂီတအစည်းအရုံးဝင်တွေ ဂီတအစည်းအရုံးဝင် မဟုတ်ပေမယ့်လည်း ဂီတပညာရှင်တွေကိုလည်း ဆန်၊ ဆီ၊ ဆား ပေးဝေသွားမယ်လို့ သိရပါတယ်။
လက်ရှိ အသက် ၇၅ နှစ်ကနေ အသက် ၉၆ နှစ်အထက် သက်ကြီးဂီတပညာရှင်တွေ လူဦးရေ ၁၃၅ ဦး ရှိနေတယ်လို့ သိရပါတယ်။ ဂီတအစည်းအရုံးမှာ လူမှုရေးကော်မတီ အဖွဲ့ဆိုတာလည်း ရှိပြီးတော့ ဂီတသမား နာမကျန်းဖြစ်တာ ၊ ဆေးရုံတက်နေသူ၊ အကြောင်းကြောင်းကြောင့် သေဆုံးသွားသူတွေကို တစ်ဦး ကျပ် ၅၀၀၀၀ နှုန်း သတ်မှတ်ကူညီပေးနေတယ်လို့ သိရပါတယ်။