
၂၃.၄.၂၀၂၅
Written By Zun
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် သားသည်မိခင် ချင်းအမျိုးသမီးအား မုဒိန်းကျင့်ပြီး ချောင်းထဲ ရေနှစ်သတ်ရန်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်သော ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် ၂ ဦးကို အရေးယူပေးရေး GLOBAL KHUMI ORGANIZATION (GKO) က တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်က ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးအား ယင်း AA အဖွဲ့ဝင် ၂ ဦးက အထက်ပါအတိုင်း ကျူးလွန်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်း ကလေးမိခင်က နေထိုင်ရာကျေးရွာနှင့် ၁၀ မိနစ်ခန့် လမ်းလျှောက်ရသော ယာခင်းသို့ သွားရောက်၍ ဟင်းသွားခူးရာတွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင် ၂ ဦးက မုဒိမ်းကျင့်ပြီး ရေနှစ်သတ်ချိန် သွေးချင်းတော်စပ်သူတွေ့မြင်သောကြောင့် အသက်မသေခဲ့ရခြင်းလည်းဖြစ်သည်။ ကျူးလွန်သူ ၂ ဦးတွင် ရခိုင်လက်နက်ကိုင် AA အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသော်လည်း AA က အရေးမယူချေ။
AA ထိန်းချုပ်ထားသည်ဆိုသော ပလက်၀နယ်မြေတွင် ထင်ရာစိုင်းနေကြသော AA အဖွဲ့ဝင်များအနေဖြင့် မုဒိန်းမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြသည့်အပြင် လူသတ်ရန်ပင် အားထုတ်ခဲ့သောကြောင့် အရေးယူပေး ရေး GKO က တောင်းဆိုနေခြင်းလည်း ဖြစ်သည်။
ထို့အပြင် AA က ယင်းတပ်ဖွဲ့ဝင် နေထွန်းလင်းဆိုသူကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် မုဒိမ်းမှုနှင့် လူသတ်မှုကိုလည်းကောင်း၊ ကျော်ထွန်းလင်းက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် လူသတ်မှုကိုလည်းကောင်း ကျူးလွန်းထားကြ သောကြောင့် ဖမ်းဝရမ်းထုတ်ပြန်ကြောင်း ကြေညာထားသော်လည်း ဖမ်းဆီးမှုမရှိချေ။
လက်ရှိ အဆိုပါ မုဒိန်းမှုဖြစ်စဉ်မှာ ယခု ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်က ဖြစ်ပွားခဲ့သောကြောင့် ရခိုင် AA အဖွဲ့တွင် မုဒိန်းကောင်နှင့် လူသတ်သမားများ ပိုမိုများပြားလာကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။
“ပလက်ဝမြို့နယ်မှာ သူတို့က ထင်ရာလုပ်နေတာ။ နဂိုကပဲ ချင်းတိုင်းရင်းသားတွေကိုဆိုရင် နှိမ်တာတွေ လုပ်တယ်။ AAက သူတို့ အရိုင်းစိတ် ပုံစံအတိုင်း ပြောဆိုနေထိုင်နေတာ။ ပလက်ဝမှာပဲဖြစ်တာ ဆိုပြီး ပေါ့ပေါ့တွေးလို့ မရဘူး။ သူတို့က “ဇ” ရှိနေကြပြီ ဆိုတော့ သတိနဲ့ နေထိုင်ကြဖို့လိုတယ်။ လူသတ်လိုက်။ မုဒိန်းကျင့်လိုက်၊ ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ ဖြစ်ချင်တိုင်း ဖြစ်လာမယ့် သဘောပဲ”ဟု မြောက်ဦးဒေသခံ ရခိုင်တိုင်းရင်းသားတစ်ဦးက MT News ကို ပြောသည်။