
၂၃.၄.၂၀၂၅
Written by Hey Mar
ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်အခြမ်းက အိမ်ခြံမြေဈေးတွေ အရင်ကထက် ဒီလပိုင်းထဲမှာ ၂၅ ရာခိုင်နှုန်းလောက် ဈေးနှုန်းမြင့်တက်မှုတွေ ရှိလာတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ရန်ကုန်)ကနေ သိရပါတယ်။
ဒလဘက်အခြမ်းက ပထမတန်းစားလမ်းရဲ့ မြေဈေးက အရင် 1sqft ကို ကျပ်နှစ်သောင်းခွဲကနေ အခုအခါကျပ် နှစ်သောင်းရှစ်ထောင်နဲ့ သုံးသောင်းကြားမှာရှိနေတာကြောင့် ပိုင်ဆိုင်မှု ခိုင်မာရင် ခိုင်မာသလို 2400 sqft ရှိတဲ့ မြေက သိန်း ခုနစ်ရာ ပတ်ချာလည်မှာ ဈေးဆိုင်နေပြီး အိမ်အပါ နေရာကောင်းရင် သိန်း လေးထောင်ကနေ ခုနစ်ထောင်နီးပါး အရောင်းဆိုင်ထားတာတွေ ရှိနေတယ်လို့ သိရပါတယ်။
“ငလျင်မတိုင်ခင် နှစ်ပတ်လောက်ကတည်းက ဈေးက တက်ရိပ်ပြနေတာ။ ဒလဘက်ခြမ်း လေးမြို့နယ်၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း ၊တွံတေးပေါ့။ ငလျင်လှုပ်တော့ တန့်သွားတယ်။ အခုတစ်ခါ အဝယ်ပြန်လိုက်တော့ သိသိသာသာ ပြန်တက်နေတယ်” လို့ ဒလမြို့အခြေစိုက် ရန်ကုန်အိမ်ခြံမြေအကျိုးဆောင်က ဆိုပါတယ်။
ရန်ကုန်မြို့တွင်းမှာဆိုရင်လည်း ဒဂုံလေးမြို့နယ်နဲ့ တောင်ဥက္ကလာ၊ သာကေတဘက် အရောင်းအဝယ် လိုက်နေပေမယ့် အထပ်မြင့်များတဲ့နေရာတွေကို ဝယ်လက်တွေက ရှောင်ချင်တာကြောင့် ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းက ထင်မထားတဲ့ဈေးတွေ ဖြစ်လာနေတာလို့ သိရပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းထွန်းက “မြေက အရောင်းအဝယ်ကောင်းနိုင်မယ်ဆိုပေမယ့် အထပ်မြင့်တိုက်တွေကြားရောက်နေတဲ့ မြေကွက်တွေကတော့ သိပ်မကောင်းနိုင်ဘူးပေါ့။ လူတွေက အထပ်မြင့်ရှောင်ချင်တဲ့သဘောမှာ ရှိနေတော့ အထပ်မြင့်တွေနဲ့ လွတ်တဲ့နေရာက မြေဈေးတွေ မာလာမယ်။ အဝယ်ကလည်း အဲ့ဒါမျိုးကို ရှာလာတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။