
ယင်းဘိလပ်မြေစက်ရုံအနေဖြင့် ငလျင်လှုပ်ခတ်ခဲ့ပြီးအချိန်မှစတင်၍ ယနေ့အထိ ဘိလပ်မြေတန်ချိန် ၃၂၀၀၀ ကျော် အိတ်ရေ ၆ သိန်းကျော် ရောင်းချပေးနိုင်ခဲ့
၂၃. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့်နေရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံက နေ့စဉ် တန်ချိန် ၁၅၀၀ မှ ၁၈၀၀ အထိ ထုတ်လုပ်နေပြီး နေပြည်တော်ရှိ ငလျင်ဘေးသင့်နေရာများ ပြန်ပြုပြင်ရေးအတွက် ဘိလပ်မြေတစ်အိတ် ကျပ် ၂၀,၀၀၀ မှ ၂၃,၀၀၀ နှုန်းအတွင်း ဖြန့်ဖြူးရောင်းချပေးနေကြောင်း အဆိုပါ ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများက နိုင်ငံပိုင်မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားထားသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အဆိုပါစက်ရုံတွင် လျှပ်စစ်မီးအနည်းငယ် ပြတ်တောက်ခဲ့ရသော် လည်း ဧပြီ ၁ ရက်တွင် လျှပ်စစ်မီးရရှိခဲ့သည်နှင့် တစ်ပြိုင်တည်း ဘိလပ်မြေထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအပိုင်းကို ချက်ချင်းဆောင်ရွက်ခဲ့ပြီး နေ့စဉ် ဘိလပ်မြေတန်ချိန် ၁၅၀၀ မှ ၁၈၀၀ ကြား ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းပြတ်လပ်မှုမရှိအောင် နှစ်အလိုက် စုစည်းသိုလှောင်ထားပြီးဖြစ်ကြောင်း Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံ၊ အထွေထွေမန်နေဂျာ ဒေါ်မွန်မွန်သက်က ပြောကြားသည်။
ပျဉ်းမနားမြို့နယ် တောင်ဖီလာဒေသတွင်တည်ရှိသည့် အဆိုပါ Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံသည် တစ်ရက်လျှင် ဘိလပ်မြေတန်ချိန် ၂,၁၀၀ အထိ ထုတ်လုပ်နိုင်ပြီး လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးသင့်ခဲ့သည့် ဌာနဆိုင်ရာများ၊ အစိုးရရုံးဌာနများ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်များသို့ ဦးစားပေးဖြန့်ဖြူရောင်းချပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် စက်ရုံမှထွက်ရှိသည့် ဘိလပ်မြေများကို ငလျင်ဘေးသင့်ပြည်သူများ တိုက်ရိုက်ဝယ်ယူနိုင်သလို အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ ပြုပြင်ရန်အတွက် ဝယ်ယူပါက တစ်အိတ်ကို ကျပ် ၂၀,၀၀၀ နှင့် အများပြည်သူများကိုလည်း စက်ရုံအထိုင်ဈေး တစ်အိတ် ကျပ် ၂၃,၀၀၀ နှုန်းဖြင့် ရောင်းချပေးနေကြောင်း Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံ၊ အရောင်းမန်နေဂျာ ဦးဝင်းဇော်က ပြောကြားသည်။
Max Cement တောင်ဖီလာ ဘိလပ်မြေစက်ရုံအနေဖြင့် ငလျင်လှုပ်ခတ်ခဲ့သည့် အချိန်မှစတင်ပြီး ယနေ့အချိန်အထိ ဘိလပ်မြေတန်ချိန် ၃၂၀၀၀ ကျော် အိတ်ရေ ၆ သိန်းကျော်ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးနှင့် ပွင့်လင်းရာသီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေများကို ပြည်ပမှတင်သွင်းခွင့်ပြုခဲ့ရာ ကော့သောင်းနယ်စပ်မှ ဘိလပ်မြေတင် သင်္ဘောများ အဆက်မပြတ် ဝင်ရောက်လျက်ရှိသလို ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ပြတ်လပ်မှုမရှိစေရန် ကျောက်မီးသွေးများကို ပြည်ပမှ တင်သွင်းခွင့် ခွင့်ပြုပေးထားကြောင်း သိရသည်။



