
MT News
၂၃. ၄.၂၀၂၅
တရုတ်နိုင်ငံက တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်သွားမည်ဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းအား မျက်မြင်သက်သေခံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ သတင်းထောက်ကို ဖြေကြားသည်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထပ်ဆင့်ဖော်ပြထားသည်။
ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပုံမှန်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် MNDAA အဖွဲ့သည် ယနေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့မှ ထွက်ခွာခဲ့ပြီး ဒေသဆိုင်ရာအုပ်ချုပ်ခွင့်ကို မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲအပ်ခဲ့သည်။ သတင်းအရ လားရှိုးမြို့လွှဲပြောင်းအပ်နှံခြင်းသည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တရုတ်ဘက်မှ မကြာသေးမီက အပစ်အခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့တစ်ခုကို လားရှိုးသို့ စေလွှတ်ကာ စစ်ရပ်စဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။ အထက်ဖော်ပြပါအခြေအနေများ မှန်ကန်ပါသလား။ ယင်းသည် တရုတ်နိုင်ငံမှ မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟူသော ကတိပျက်ပြားသွားသည်ဟု ဆိုနိုင်ပါသလားဟု မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က “တရုတ်- မြန်မာနှစ်နိုင်ငံသည် အစဉ်အလာမိတ်ဖက်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ ဆန္ဒနှင့်တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ မြှင့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံသည် တက်ကြွစွာ ပံ့ပိုးကူညီလျက် ရှိပါသည်။ ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့၏ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်၏ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် မကြာသေးမီက ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့ကိုမြန်မာနိုင်ငံ လားရှိုးမြို့သို့ စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံတပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည်သွားမည်ဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းအား မျက်မြင်သက်သေခံသွားမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
ထို့အပြင် Mr. Guo Jiakun က သက်ဆိုင်သည့်နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုထိန်းသိမ်းရာမှာ တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ချီးကျူးကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း၊ နောက်တစ်ဆင့်မှာ တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။