
၂၃.၄.၂၀၂၅
Written By Thandar
မြန်မာ-အိန္ဒိယပူးပေါင်းတင်ဆက်မယ့် ဒရာမာအက်ရှင် ဇာတ်လမ်းပုံစံ “ဆုံမှတ်” ဇာတ်လမ်းတွဲ A Convergence Point Series ကန်တော့ပွဲပေးမှုကို ယနေ့ ဧပြီ ၂၃ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ မြန်မာပြည်ဖွား အိန္ဒိယနွယ်ဖွားဇာတ်လမ်းတွဲမှာ သေချာလေး ရိုက်ကူးဖို့ စီစဉ်ဖြစ်တာပါ။ အိန္ဒိယ ရိုးရာယဉ်ကျေးမှုတွေလည်း ပါဝင်မယ်၊ ပေါ်ပေါ်ထင်ထင် ဖြစ်စေချင်တယ်။ မြန်မာ့ယဉ်ကျေးမှုတွေလည်း ပါဝင်မယ်။ နှစ်ခုပေါင်းစပ်လိုက်ရင် Milestone တစ်ခုကျန်အောင် လုပ်ဆောင်လိုက်တာပါ။ ဆုံမှတ်လို့ နာမည်ပေးလိုက်တာ အဓိပ္ပာယ်ကလည်း အကြောင်းအရာတွေက လာဆုံမှ အဖြေတစ်ခုထွက်တာလေ ဒါကြောင့်ပါ။ ဒရာမာ အက်ရှင် ဇာတ်လမ်းက ပရိသတ်တွေ ရသတစ်မျိုးစီခံစားရမှာလည်း ဖြစ်ပါတယ်”လို့ ဇာတ်လမ်း ဒါရိုက်တာ အဂ္ဂမာန်က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်ညွှန်း ယုန်းလေး (TMK) Team၊ ဒါရိုက်တာ အဂ္ဂမာန်က အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ အပိုင်း ၂၀ စာကို လာမယ့် ဧပြီလ ၂၄ ရက်မှာ စတင်ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။
“ ကျွန်တော်တို့ ဒီဇာတ်လမ်းတွဲကတော့ မင်းမောင်ဆိုတဲ့ ထူးဆန်းတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ခွင့်ရမှာပါ။ ဒီကားက မြန်မာ-အိန္ဒိယတို့ ပူးပေါင်းရိုက်ကူးမယ့် ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံး ထုတ်လုပ်ရေးပိုင်းက စတင်အလုပ်လုပ်ခွင့်ရတဲ့ ဇာတ်လမ်းတွဲပါ။ ဒါရိုက်တာ အဂ္ဂမာန်က အကယ်ဒမီ ထွန်းထွန်းတို့နဲ့အတူ တခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးရမယ့် ဇာတ်ကားလေးပါ။ သာမာန်ဇာတ်လမ်းပုံစံမျိုးတော့ မဟုတ်တာမို့ ပရိသတ် အကြိုက်တွေ့စေမှာပါ”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ ထွန်းမင်း၊ မင်းဟိဏ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ခွန်သာချို၊ ဒေါင်းဝေ၊ မျိုးကြည်၊ ရာမ်ကီး@ရဲကိုကို၊ ရဲသွေးသီဟ၊ နေခြည်ရွှန်းလက်၊ သုန္ဒြေဦး၊ သာသာ၊ ထက်ယမင်း အိမ်၊ ဒီပါး@ချောစုသူဇာနဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
#AggaMarn #Kamal
#TheConvergencePoint #AConvergencePointSeries
#ဆုံမှတ် #မြန်မာ_အိန္ဒိယ #HEYPlay #geniuscreation






