၂၄. ၁. ၂၀၂၃
Written by Nay Moe
တပ်မတော်နှင့် NLD အစိုးရအကြား နိုင်ငံရေးဆိုင်ရာပဋိပက္ခများကြောင့် အလုံးစုံပျက်သုဥ်းရေးလုပ်ကိုင်မည်ဟုဆိုကာ နွေဦးတော်လှန်ရေးဖြင့် နိုင်ငံပိုင်ရုံးများ၊ လမ်းများ၊ တံတားများ၊ လျှပ်စစ်နှင့် ဖုန်း တာဝါတိုင်များ၊ ကျောင်းများကို တိုက်ခိုက်ဖျက်ဆီးနေသည့် NUG က တိုင်းပြည်ထူထောင်ရေးကို အနုပညာတစ်ရပ်လို နှလုံးသားဖြင့် ရင်း၍လုပ်ရမည့်ကိစ္စဖြစ်သည်ဟုလည်း NUG ယာယီသမ္မတက ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် NUG ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် ပြောသည်။
”ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျွန်တော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူထောင်ရေးကိစ္စဟာ အနုပညာတစ်ရပ်လို နှလုံးသားနဲ့ ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင် နှစ်ပေါင်း လေးငါးခြောက်ဆယ်လောက်အထိ ကြိုတင် မြော်မြင်ထားကြဖို့လည်း လိုပါတယ်။ ပဋိပက္ခဟာ ယာယီသဘောဖြစ်ပါတယ်။ ပဋိပက္ခအလွန်ကာလတွေမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လို ပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်။ ဒါဟာ သိပ်အရေးကြီးတယ်လို့ ယူဆပါတယ်”ဟု ဒူဝါလရှီးလက ဆိုသည်။
ထို့ပြင် နှစ်နှစ်ပြည့်တော့မည့် နွေဦးတော်လှန်ရေးအတွက် သုံးနှစ်ပြည့်ချိန်တွင် ရောက်ရှိမည့်ပန်းတိုင်ကိုလည်း မည်သို့ဦး ဆောင်မည်တွေးထားရန်လည်း လရှီးလက ဆက်လက်ပြောသည်။
“နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်ကာလဟာ သိပ်မကြာခင် ရက်ပိုင်းမှာ ရောက်လာတော့မှာ ဖြစ်ပါတယ်။ တော်လှန်ရေး (၂) နှစ်တာကာလအတွက် ကျွန်တော်တို့ NUG အစိုးရ အဖွဲ့ဝင် တစ်ဦးချင်းစီက မိမိတို့ လုပ်ကိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီး ပြန်လည် သုံးသပ်ဆင်ခြင်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ နွေဦးတော်လှန်ရေးကာလ မရောက်ခင်ကတည်းက ကိုယ့်နယ်ပယ်ကဏ္ဍအသီးသီးမှာ လူထုလူအများက အားကိုးရတဲ့ ယုံကြည်ရတဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြောင်း ကျွန်တော်တို့အားလုံး သိထားပြီး ဖြစ်ပါတယ်။ ဒီလိုလူတွေအတွက် ပြန်လည်သုံးသပ်ဆင်ခြင်ရေးကိစ္စကို တကူးတက ပြောဖို့ မလိုဘူးလို့လည်း ယူဆပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ လက်တို့သတိပေးတဲ့ မေတ္တာရပ်ခံချက်ဖြစ်ကြောင်း မှတ်ယူစေလိုပါတယ်။ ကျွန်တော်တို့ဟာ မိမိတို တစ်ဦးချင်းစီအလိုက် ကိုယ့်ရဲ့ ခေါင်းဆောင်မှုကိစ္စတွေကို ပြန်လည် သုံးသပ်တာမျိုးတွေ လုပ်ရမှာ ဖြစ်သလို၊ ဝန်ကြီးဌာနအလိုက် ကိုယ့်ရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို ဘယ်လောက်ထိ ပီပီပြင်ပြင် ကျကျနန လုပ်ဆောင်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်မယ့်အချိန်ရောက်ရင် ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် ဘယ်လို ပန်းတိုင်မျိုးတွေကို အရောက် ဦးဆောင်ကြမှာလဲဆိုတာတွေကို ကြိုတင် စဉ်းစားထားကြဖို့ လိုပါတယ်” ဟု လရှီးလက ဆက်ပြောသည်။