
၂၃.၄.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးနေသည်ဟု ဗန်းပြပြီး KNU/ KNLA နှင့် NUG – PDF ကို ထောက်ပို့လုပ်နေသူ ကိုရဲမင်း ဦးဆောင်သည့် AAC ရုံးခန်းအသွင်ပြောင်း AAC ဂေဟာကို လုံး၀အပြီးပိတ်ရန် အမိန့် ထုတ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေခရိုင်အတွင်း ထာ့စိုင်မူ (၆)အိမ်အမှတ်တွင် ဖွင့်လှစ်ထားသော အဆိုပါ ဂေဟာကို ပိတ်သိမ်းရန် ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် သက်ဆိုင်ရာက အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဒေသတွင်း သတင်းများအရ ယင်း AAC ဂေဟာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ရှိနေကြောင်း၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ရေပေးဝေမှုကို ဖြတ်တောက်သွားပြီဖြစ်ကြောင်းလည်း သိရသည်။
“ဒီကနေ့ ညနေ ၅ နာရီ AAC-ဂေဟာအပြီးပိတ်သိမ်းရန် ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများမှ အမိန့်ထုတ်ပြန်” ဟု AAC-မဟာမိတ်အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက သူ၏ လူမှုကွန်ရက်တွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က ဖော်ပြထားသည်။
ယင်းက “ AAC-ဂေဟာထဲက လုပ်ငန်းခွင်ထိခိုက်ဒဏ်ရသူ ခြေလက်မသန်စွမ်းသူများကို ညနေ ၅-နာရီနောက် ဆုံးထားပြီးရွှေ့ပေးရန် ဒီကနေ့ မြို့နယ်ဒုအုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံဌာနပေါင်းစုံလာရောက်ပြီး ရက်ပေါင်း(၆၀) ပြည့်တဲ့အတွက် အဆောက်အဦးကို ဖြိုပေးရန် ဒုတိယအကြိမ်လာရောက်အမိန့်ပေး။ ဥပဒေနဲ့အညီအယူခံဝင်နေတာကို ထိုင်းနယ်မြေခံအုပ်ချုပ်ရေးမှူးအဆင့်ဆင့်မှ လက်မခံကြောင်း၊ ဒီရပ်ကွက်မှ ဆက်လက်နေထိုင်ခွင့်မပြုပါကြောင်းလာရောက်ပြီး သုံးရေပြန်လည်ဖြတ်တောက်သွားပြန်ပြီ”ဟု ဆက်လက်ရေးသားထားသည်။
ယင်းဂေဟာကို ခွင့်ပြုချက်မရှိဘဲ ဆောက်ထားကာ PDF များအပါအဝင် လူရာချီစုဝေးနေသောကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးခဲ့ကာ ချိပ်ပိတ်လိုက်ကြောင်း MT News တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။
သို့သော် ACC ဂေဟာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများကို ဥပဒေကြောင်းအရ အယူခံတင်ထားခဲ့ကြောင်း၊ လက်ရှိတွင် အယူခံတင်ထားချိန် ဖြစ်သော်လည်း ထိုင်းအစိုးရ တာဝန်ရှိသူများက ဂေဟာကို ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် ထပ်မံအမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။


