
၂၃. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
ယခုဘဏ္ဍာနှစ်အစ ဧပြီလ ၇ ရက်တွင်လည်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ရောင်းချပေးထားသလို ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေး အရန်ဆီနှစ်ပတ်စာခန့် သိုလှောင်ထားပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ခဲ့သောကြောင့် စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီ ၉၂ တစ်လီတာ ၂၇၄၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၈၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၃၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၉၆၀ ကျပ်သို့ ပြန်လည်ကျဆင်းလာခဲ့၍ သင်္ကြန်မတိုင်မီ ဈေးနှုန်းများထက် စက်သုံးဆီအမျိုးအစားအပေါ်မူတည်ကာ တစ်လီတာ ကျပ် ၂ဝဝ မှ ကျပ် ၃ဝဝ ခန့် (၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကျော်)အထိ ကျဆင်းလာခဲ့သည်။
ငလျင်ဘေးဒဏ်ခံစားခဲ့ရပြီးနောက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံးဆီအသင်းနှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာ လုပ်ငန်းရှင်တို့၏ ၂၄ နာရီ အချိန်ပြည့် နားရက်မရှိ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရသည်။