
၂၃.၄.၂၀၂၅
Translated by Htwe Ko Tun
ထေရဝါဒဗုဒ္ဓဇာတ်တော် ပန်းချီပန်းပုလက်ရာတို့ လွှမ်းမိုးကာ Lanna ပုံစံတည်ဆောက်ထားတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ Mueang ခရိုင်အတွင်းမှ ကြွေးမြီဝန်ပိနေတယ်ဆိုကြတဲ့ Dhara Dhevi ဟိုတယ်ဟာ ဧပြီလ ၂၃ ရက် နံနက်အစောပိုင်းမှာ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။
မီးက နံနက် ၂ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့တာပါ။ The Sala မြို့နယ်မှာရှိတဲ့ ဟိုတယ်မီးလောင်ကျွမ်းမှုကို မီးသတ်သမားနဲ့ မီးသတ်ကားအများအပြားတို့နဲ့ ၂ နာရီကြာ လာရောက်ငြှိမ်းသတ်ခဲ့ရပါတယ်။ ပြန်လည်ပြုပြင်မှုပြုထားတဲ့ ဟိုတယ်အရှေ့ပိုင်း သစ်သားအဆောက်အအုံကတော့ မီးလောင်မှုမှာပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုမှာ သေကြေဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။
ကြယ်ငါးပွင့်အဆင့်ရှိ Dhara Dhevi ဟိုတယ်က ၁၅၃ ရွိုင်(တစ်ရွိုင်= ၁,၆၀၀ စတုရန်းမီတာ) အကျယ်အဝန်းရှိမြေသားပေါ်မှာ တည်ဆောက်ထားတာပါ။ ဟိုတယ်ကို အစောပိုင်းကလည်း ငွေကြေးပြဿနာတွေကြောင့် ပိတ်ထားခဲ့ရပြီး တရားဥပဒေအကောင်အထည်ဖော်ရေးဦးစီးဌာနက ဘတ် ၂ ဒသမ ၁၁ ဘီလျံနဲ့ လေလံပစ်ရောင်းချခဲ့ပါတယ်။ ဟိုတယ်ရဲ့ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးက ဘတ်ငွေ ၄ ဒသမ ၃ ဘီလျံ ရှိတယ်လို့ သိရပါတယ်။
Dhara Dhevi ဟိုတယ်ကို ၂၀၀၂ ခုနှစ်အအတွင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ဘတ်ငွေ ၃ ဘီလျံ ကုန်ကျခဲ့ပါတယ်။၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ပြီး ဟိုတယ်အခန်းပေါင်း ၁၂၃ ခန်းရှိပါတယ်။ ရှေးဟောင်း Lanna ဘုရင်ခေတ် သမိုင်းကြောင်းနဲ့အမွေအနှစ်တွေကို ဖန်တီးပုံဖော်ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာပါ။
မီးလောင်ရတဲ့အကြောင်းရင်းကိုလည်း မပြောနိုင်သေးဘဲ ပျက်စီးဆုံးရှုံးရတဲ့အတိုင်းအတာကိုလည်း ခန့်မှန်းလို့ မရသေးပါဘူး။
ဟိုတယ်ရဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ အသနားခံစာကိုလည်း ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ပယ်ချခံရပြီးတဲ့နောက် ဟိုတယ်အနေနဲ့ အလုပ်သမားတွေကို အစုလိုက် အပြုံလိုက် ရာထူးမှထုတ်ပယ်ခြင်းနဲ့ ဒေဝါလီခံခြင်းတို့ကိုပါပြုလုပ်ရတဲ့အထိ ငွေရေးကြေးရေးပြဿနာတွေ တက်ခဲ့တာပါ။
Ref- Bangkok Post

