
၂၃.၄.၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ကြုံတွေ့ခဲ့ရတဲ့ မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်မြို့ရဲ့အထပ်မြင့်တိုက်ခန်းနဲ့ ကွန်ဒိုဈေးကွက်ကတော့ ထိခိုက်သွားဖွယ်ရှိနေပြီး ဆောက်လက်စသမားတွေ ပိုမိုအထိနာနိုင်ဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ(ရန်ကုန်တိုင်း) ဦးသန်းထွန်းက ဆိုပါတယ်။
တိုက်ခန်းအငှားဈေးကွက်ကတော့ ပိုကောင်းလာနိုင်သလို ခေတ္တတန့်သွားတဲ့ ရန်ကုန်တိုင်းအတွင်းက အိမ်ခြံမြေ အရောင်း အဝယ်ဈေးကွက်က အခုသင်္ကြန်အပြီး ဒုတိယအပတ်လောက်ကစပြီး မြေဈေးကအတက်ဘက်ကို ဦးတည်ကာ အရောင်း အဝယ်တွေ ပြန်ဖြစ်လာနိုင်တယ်လို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေကလည်း သုံးသပ်နေကြပါတယ်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ(ရန်ကုန်တိုင်း) ဦးသန်းထွန်းက “တိုက်ခန်းတွေ၊ ကွန်ဒိုတွေကတော့ ဆယ်စုနှစ် တစ်ခုလောက်အထိတော့ အရောင်းအဝယ်ပိုင်းမှာ နည်းနည်းထိခိုက်သွားနိုင်တာပေါ့နော်။ ဥပမာထားပါတော့လေ လက်ထဲမှာ သိန်းသုံးထောင်ပဲရှိတဲ့သူတစ်ဦးက တိုက်ခန်းတစ်ခန်းကို သိန်းသုံးထောင်ပေးပြီး ဝယ်မယ့်အစား မြေကွက်ဝယ် အိမ်ဆောက်မယ်ဆိုတဲ့ အတွေးပိုတွေးလာကြတာပေါ့”လို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုမှာ မန္တလေးမြို့ရဲ့ နာမည်ကြီး Sky Villa ကွန်ဒိုအဆောက် အဦးလေးခုစလုံး ပြိုကျပျက်စီးကာ လူ ရာနဲ့ချီ သေဆုံးပြီး လူပေါင်းရာနဲ့ပြီးလည်း ပျောက်ဆုံးနေဆဲဖြစ်သလို ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေလည်း များပြားခဲ့တာပါ။
“သူ့မှာ အများကြီးပိုင်ဆိုင်မှုရှိရင်တော့ တစ်မျိုးပေါ့။ တစ်ခုတည်း ပိုင်ဆိုင်တဲ့သူအတွက်ကြတော့ ဒီမြေပေါ်မှာ သူယာယီပြန်နေခွင့်မရတဲ့အပြင်ကို ဒီအဆောက်အဦပြန်ဖယ်ရှားတဲ့ ကိစ္စကအစ သူတာဝန်ယူရတော့မှာ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ(ရန်ကုန်တိုင်း) ဦးသန်းထွန်းက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ကြောကြီး ရှိနေတဲ့အတွက် ဆယ်စုနှစ်တစ်စုအထိတော့ လူတွေက အထပ်မြင့်တိုက်ဆိုတာကို စိုးရိမ်ထိတ်လန့်မှုရှိနေနိုင်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အခုလို ဖြစ်ရပ်မျိုး ထပ်မကြုံရရင်တော့ နောက်ပိုင်းမှာ အထပ်မြင့်ဈေးကွက် ပုံမှန်အခြေအနေ ပြန်ဖြစ်နိုင်တယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်တစ်ချို့က သုံးသပ်ကြပါတယ်။
စမ်းချောင်းမြို့နယ်အတွင်း အထပ်အမြင့်တိုက်ခန်းအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူ ကိုသူရိန်က “ဆောက်လက်စ တိုက်ခန်းတွေမှာဆို ရောင်းမထွက်သေးတဲ့ အခန်းတွေရှိတယ်။ ကန်ထရိုက်တာတွေလည်း ထိခိုက်မှုကြီးနိုင်တယ်။ အာမခံချက်တွေပေါ့။ ဘယ်လိုပုံစံနဲ့ ဘေးအန္တရာယ်ကို ခံနိုင်အောင် တည်ဆောက်ထားပါတယ်ဆိုတာမျိုးတွေ အရင်ကထက် သေသေချာချာ ပိုပေးရနိုင်တယ်။ ဒီလိုပေးရင်တောင် လူတွေရဲ့ စိုးရိမ်စိတ်ကြောင့် ဆယ်စုနှစ်နဲ့ချီ အရောင်းအဝယ် အေးနေနိုင်တယ်။ ဈေးကွက်ထိနိုင်တယ်။ အငှားဈေးကွက်ကတော့ ပိုကောင်းနိုင်မှာပါ” လို့ သူ့လုပ်ငန်းမှာ လတ်တလော ဖြစ်လာနိုင်နေတဲ့ အခြေအနေကို ပြောပြပါတယ်။