
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကာလမတိုင်မီထက် ၁၀ ရာခိုင်နှုန်းဝန်းကျင် ပြန်လည်ကျဆင်းလာ
၂၃. ၄. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်း စက်သုံးဆီဖူလုံမှုရှိစေရေး အရန်ဆီနှစ်ပတ်စာခန့် သိုလှောင်ထားပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ခဲ့၍ သင်္ကြန်ကာလနောက်ပိုင်း စက်သုံးဆီဈေးနှုန်း ကျပ် ၂၀၀ မှ ၃၀၀ ကြား ပြန်လည်ကျဆင်းလာခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးချို့ယွင်းခဲ့သည့် စက်သုံးဆီအရောင်းဆိုင်အချို့အား အမြန်ပြန်လည် ပြင်ဆင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ရက်သတ္တပတ် (၁) ပတ်စာခန့် အရန်စက်သုံးဆ ရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိရာ ပြတ်လပ်မှုမဖြစ်နိုင်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မည်ဟု စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း၊ အပိုသိုလှောင်ထားခြင်းမပြုလုပ်ကြပါရန်နှင့် လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြပါရန် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူသို့ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်သည်။
အများပြည်သူ၏ ပူးပေါင်းပါဝင်မှု၊ စက်သုံးဆီအသင်းနှင့် သိုလှောင်ကန်စခန်း၊ အရောင်းဆိုင်နှင့် ဆီဘောက်ဆာ လုပ်ငန်းရှင်တို့၏ ၂၄ နာရီ အချိန်ပြည့် နားရက်မရှိ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့ကြောင့် စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း သိရှိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် နေရာဒေသများတွင် ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အရောင်းဆိုင်များမှ တိုက်ရိုက်နှင့်နေရာအရောက် လုံလောက်စွာဖြန့်ဖြူးရောင်းချပေးခြင်း၊ ပရဟိတအသင်းအဖွဲ့ များသို့ စက်သုံးဆီလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အရန်ဆီအနေဖြင့် (၂)ပတ်စာခန့် သိုလှောင်ထားရှိနိုင်ပြီး အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီရောင်းဈေးနှုန်းမှာလည်း နှစ်သစ်ကူးသင်္ကြန်ကာလမတိုင်မီထက် တစ်လီတာလျှင် ကျပ် ၂ဝဝ မှ ကျပ် ၃ဝဝ ခန့် အထိ ကျဆင်းခဲ့သဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကျော်အထိ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။