◾️ကာလုံအစည်းအဝေးအပြီး နစက ကို ဖျက်သိမ်း၍ အစိုးရအဖွဲ အမည်သစ်တစ်ခု ဖြစ်လာနိုင်
၂၄. ၁. ၂၀၂၃
Written By Myo Khine
နစက တာဝန်ယူထားသော ကာလ ၂ နှစ်ပြည့်မည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ကာလုံဟု ခေါ်သော အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပတော့မည်ဖြစ်ရာ ယင်းအစည်းအဝေးအပြီးတွင် နစက ကို ဖျက်သိမ်း၍ အစိုးရအဖွဲ့ အမည်သစ်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
သို့သော် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်၊ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ “အဓိကကတော့ ကျွန်တော်တို့ ၂ နှစ်ပြည့်တဲ့အခါ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အစီရင်ခံ တင်ပြရမှာ ရှိပါတယ်။ အဲဒီမှာ အစီရင်ခံ တင်ပြမယ့်ဟာကို စောင့်ကြည့်ပေးဖို့ ပြောချင်ပါတယ်။ ပြီးတော့ ဒါက ပုံမှန်ပါပဲ။ ဖေဖော်ဝါရီလ ၁ ရက် နေ့က ခေါ်ရမယ့် ကိစ္စပါပဲ”ဟု မီဒီယာများကို ပြောကြားထားသည်။
၂၀၀၈ ခုနှစ် ခြေဥအရ နစက အစိုးရအဖွဲ့ ပေါ်ပေါက်လာခြင်းဖြစ်၍ နစက အစိုးရအဖွဲ့ကို ဆက်လက်ထားရှိမည်ဆိုပါက ခြေဥနှင့် သွေဖည်သွားမည်ဖြစ်၍ နစက အစိုးရအဖွဲ့ဆိုကာ တာဝန်ယူခဲ့ဖူးသော အစိုးရအဖွဲ့တစ်ခုကိုယ်စား ယာယီသမ္မတဦးမြင့်ဆွေဦးဆောင်သော ကာလုံအစိုးရတစ်ရပ် မလွဲမသွေ ပေါ်ပေါက်လာမည်ဖြစ်သည်။
“ယာယီသမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေပြီးတော့ ရွေးကောက်ပွဲ ကျင်းပဖို့ အတွက်လာမယ်။ ဘယ်လို နာမည်ကို ပြောင်းမယ်ဆိုတာတော့ သူတို့ပဲ သိမယ်။ ဘယ်သူမှ မသိနိုင်ဘူးပေါ့။ အခုကတော့။ နာမည်တစ်ခုကိုတော့ ပြောင်းကို ပြောင်းရမှာ။ နောက်ပြီးတော့ အစိုးရအဖွဲ့ဝင် လူကြီးများသည်လည်း ပြောင်းရမှာ။ လူပုဂ္ဂိုလ်များသည်လည်း အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်တယ်။ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတွေရော အားလုံးဟာ အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်ပါတယ်။ ကျန်ခဲ့တဲ့လူ ကျန်ခဲ့ပါမယ်။ နောက်လူတွေ အသစ်ဖြစ်ရင်လည်း ၆ လပဲ။ ရွေးကောက်ပွဲပဲ လုပ်လို့ရမယ်။ နောက်လူက။ အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး မရှိတော့ဘူးဆိုရင် နစက ဆိုတဲ့ နာမည်ကြီးကို ဆက်ထားလို့ ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဆက်လက်ပြီးတော့ ကျင့်သုံးမယ်ဆိုလို့ ရှိရင်တော့ နစက မရှိတော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဘယ်သူက ဖျက်မလဲ။ မဖျက်ချင်လို့ အဲဒီလောက် ဖြစ်နေတာလေ။ လူတွေက အဲဒါကို မတွေးဘူး။ ဦးနေဝင်းတက်လာတော့ ၁၉၄၂ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဖျက်ပစ်လိုက်တာပဲ။ ဒီလိုပဲ ၁၉၈၈ ဦးစောမောင် တက်လာတော့လည်း ၁၉၇၄ ဦးနေဝင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဖျက်ပစ်လိုက်တာပဲ။ ဒါပေမဲ့လည်း လက်ရှိ နစကဥက္ကဋ္ဌ ကျတော့ သူက ထိန်းတာပါ ဆိုတဲ့အတွက် ဒီဖွဲ့စည်းပုံကြီးက ဆက်ပြီးတော့ ရှိတယ်။ ဆက်ပြီးတော့ ကျန်နေတယ်။
ဒါကြောင့် ဖွဲ့စည်းပုံပါအတိုင်း ရွေးကောက်ပွဲကို လုပ်ကို လုပ်ပေးရပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာကို ယာယီသမ္မတကြီးလက်ထဲ အပ်ပါတယ် ပြောတဲ့နောက် ယာယီသမ္မတကြီးကပေးတဲ့ တာဝန်နဲ့ဝတ္တရားတွေဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ လုံခြုံရေး အောင်မြင်အောင် ဖြစ်မြောက်ရေးကို တာဝန်ခံပြီး လုပ်လိုက်တော့ ဆိုတာမျိုးဆိုရင်ပေါ့လေ။ နိုင်ငံရေးဆိုတာ ဘာမဆို ဖြစ်နိုင်တယ်။ ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆိုတဲ့ စကားက အလကား ထားတာမှ မဟုတ်တာ”ဟု ဝါရင့် နိုင်ငံရေးသိပ္ပံ ကျွမ်းကျင်သူတစ်ဦးက MT News သို့ ပြောသည်။
လက်ရှိအခြေအနေထိ ကာလုံအစည်းအဝေးအတွင်း ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် မည်သို့ အစီရင်ခံတင်ပြမည်ဆိုသည်ကို ခန့်မှန်းတွက်ဆ၍ မရသည့်အတွက်လည်းကောင်း၊ များမကြာမီက ပြောကြားထားသည့် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအရလည်းကောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်လာမည့် နိုင်ငံရေးအပြောင်းအလဲ အခြေအနေကို စောင့်ကြည့်ရမည်ဟု ပထမအကြိမ် သီပေါအမတ် ဦးရဲထွန်း (သီပေါ) က MT News ကို သုံးသပ်ပြောပြသည်။
“နောက်ဆုံးပြောသွားတဲ့ မိန့်ခွန်းမှာကတော့ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ထိန်းကြောင်းမှု ကင်းကင်းနဲ့ မဲပေးခွင့်ရဖို့အတွက် အခွင့်အရေး ရှိပါတယ်တဲ့။ အဲဒီဟာ အတွက်ကို အစိုးရမှာ တာဝန်ရှိပါတယ်တဲ့။ နောက်တစ်ချက်က အရေးကြီးတာက မဲစာရင်းတွေ တိကျမှန်ကန်ဖို့ ဇန်နဝါရီလ ၉ ရက်နေ့ကနေပြီးတော့ ၃၁ ရက်နေ့အထိ မဲအတွက် လူစာရင်းစစ်ဆေးတာတွေ ဘာတွေ ပြန်ကောက်တာတွေ လုပ်နေတယ်။ လုပ်နေတော့ နောက်ဆုံး နိဂုံးချုပ်က ဘာလဲဆိုတော့ အဲဒီ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်နိုင် မလုပ်နိုင်ကို သုံးသပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စတွေက အရေးကြီးပါတယ်တဲ့။ ဆိုတော့ သူပြောချင်တာက သူပြောတဲ့ လုံခြုံရေးပေါ့ဗျာ။ လွတ်လွတ်လပ်လပ်နဲ့ မဲပေးနိုင်မယ့် အခြေအနေ ရှိ မရှိဆိုတာနဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို အဆင်သင့် ဖြစ်မဖြစ်ဆိုတဲ့အပေါ်မှာ သူက ကြည့်ပြီးတော့ ဆုံးဖြတ်မယ်ဆိုတဲ့ သဘော။ အဲဒီတော့ အခြေအနေက နစက အတွင်းမှာ တိုင်ပင်ပြီးတဲ့အခါ ကျတော့ ဒါက သူတို့ ဆုံးဖြတ်မှာပေါ့။ နောက်ဆုံးပြောသွားတဲ့ မိန့်ခွန်းအရကတော့ မဖြစ်မနေ ရွေးကောက်ပွဲလုပ်မယ်လို့တော့ မပြောသွားဘူး”ဟု ၎င်းက ပြောသည်။
သို့သော်လည်း အခြေခံဥပဒေ၏ သတ်မှတ်ချက်အရ ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကာလုံအစည်းအဝေးအတွင်း အစီရင်ခံမည့်အကြောင်းအရာမှာ တာဝန်ပြီးမြောက်ခြင်းနှင့် ပုဒ်မ ၄၂၅ အရ ‘သာမန်အားဖြင့်’ ၆ လ နှစ်ကြိမ်အရ လက်ရှိအခြေအနေမှာ သာမန်အားဖြင့်မဟုတ်သောအခြေအနေ နှစ်မျိုးဖြစ်နိုင်သောကြောင့် လက်ရှိအချိန်တွင် ဘေးကစောင့်ကြည့်အကဲခတ်နေသူများအနေဖြင့် ရှင်းရှင်းလင်းလင်း မသိနိုင်သေးကြောင်းလည်း မှတ်ချက်ပြု ပြောပြသည်။
“ကာလုံခေါ်တယ်ဆိုတာ နစက က ခေါ်လို့ မရဘူး။ ကာလုံခေါ်တယ်ဆိုတာက သမ္မတကပဲ ခေါ်ရမယ်။ အခြေခံဥပဒေအရ ဆိုရင် သမ္မတကပဲ ခေါ်ရမှာ။ အခု ဦးမြင့်ဆွေကို သူတို့က ယာယီသမ္မတလို့ သတ်မှတ်ထားတယ်ဆိုလို့ရှိရင် အမှန်ကတော့ ယာယီသမ္မတဆိုတာ အခြေခံဥပဒေမှာတော့ မရှိဘူး။ အဲဒီတော့ ဦးမြင့်ဆွေက သမ္မတအစားတာဝန်ယူနေရတဲ့သူဆိုရင် ဦးမြင့်ဆွေကခေါ်ရမှာပေါ့။ တကယ့်တကယ်ကျတော့ ကာကွယ်ရေးဦးစီးချုပ်က သူ့ကို ပေးအပ်ထားတဲ့တာဝန်ပြီးမြောက်ပါပြီ ဆိုလို့ရှိရင် သူက သမ္မတကို အစီရင်ခံရမှာ။ သူက ကာလုံခေါ်ရမှာ မဟုတ်ဘူး။ သူ့မှာ ကာလုံခေါ်ဖို့ အခွင့်အာဏာလည်း ပေးမထားဘူး။ သူက သမ္မတကို သွားအစီရင်ခံရမှာ။ ပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်ပါပြီ ဆိုလို့ရှိရင် အဲဒီအခါကျတော့မှ လွှတ်တော်ရှိနေသေးတယ်ဆိုရင် နိုင်ငံတော်သမ္မတက လွတ်တော်ခေါပြီးတဲ့ အခါကျတော့ ပေးအပ်ထားတဲ့ တာဝန်ပြီးမြောက်ပြီဆိုပြီးတော့ လွတ်တော်ရဲ့အတည်ပြုချက်ကို ယူပြီးတဲ့ အခါကျတော့မှ ၄၁၇ ၊ ၄၁၈ အရ ကာကွယ်ရေးဦးစီးချုပ်ကို ပေးအပ်ထားတဲ့တာဝန်တွေအမိန့်ကို ပယ်ဖျက်ရမှာ။ ပယ်ဖျက်လိုက်တဲ့အတွက်ကြောင့်မို့လို့ သူဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းလည်း အဲဒီအချိန်မှာ သက်တမ်းကုန်မှာပေါ့။ တကယ်လို့ လွတ်တော်မရှိဘူးဆိုရင် ကာလုံကို တင်ပြပြီးတော့ ကာလုံကနေပြီးတော့ပဲ သက်တမ်းတိုးသင့် မတိုးသင့် သူက ဘယ်လိုအစီရင်ခံမလဲဆိုတာက အရေးကြီးတယ်။ သူက ပြီးမြောက်အောင်မြင်ပါပြီလို့ ပြောလို့ရှိရင်တော့ သက်တမ်းမတိုးတော့ဘူးပေါ့။ သက်တမ်းတိုးဖို့ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ ပုဒ်မ ၄၂၅ မှာကျတော့ ဘယ်လိုရေးထားတုန်းဆိုတော့ သာမန်အားဖြင့် ၆ လ ၆လ နှစ်ကြိမ် ဆိုတဲ့ အခါကျတော့ အခု ၂ ကြိမ်တိုးပြီးတဲ့ အခါမှာ တာဝန်က မပြီးမြောက်သေးပါဘူးလို့ အစီရင်ခံရင် သက်တမ်းတိုးပေးမလား ဆိုတဲ့ မေခွန်းတစ်ခုပေါ်တယ်။ အခြေခံဥပဒေမှာတော့ အဲဒီအတွက်ကို ရေးမထားဘူး။ တိတိကျကျ ရေးမထားဘူး၊ ရေးထားတာက သာမန်အားဖြင့် ၆လ ၆လ နှစ်ကြိမ်သက်တမ်းတိုးနိုင်သည်ဆိုတော့ သာမန်မဟုတ်လို့ရှိရင် နှစ်ကြိမ်ထက် ပိုပြီးတော့ သက်တမ်းတိုးနိုင်သလား။ တိုးနိုင်တယ်လို့ ယူဆတဲ့လူတွေလည်း ရှိမှာဖြစ်သလို မတိုးနိုင်ဘူးလို့ယူဆတဲ့ လူတွေလည်း ရှိမှာဖြစ်တယ်။ ဒါပေမဲ့ အခြေအနေအရ တိုးမယ်ဆိုရင် တိုးလိုက်တဲ့ အခါကျတော့ ဒါ အခြေခံဥပဒေနဲ့ ညီမညီဆိုတာ အခြေခံဥပဒေက သတ်မှတ်ထားတဲ့လူတွေလည်း မေးခွင့်ရှိတယ်။ အဲဒါက ခုံရုံးကို မေးရမှာ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အရပဲ လိုက်နာမှာ။ ဆိုလိုချင်တာက အခုလောလောဆယ်မှာကိုက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဘေးကစောင့်ကြည့်အကဲခတ်နေတဲ့လူတွေရော အများပြည်သူလူထုရော ရှင်းရှင်းလင်းလင်း မသိရသေးတာက သူက ပြီးမြောက်အောင်မြင်ပါပြီလို့ အစီရင်ခံမှာလား။ သက်တမ်းတိုးပေးပါလို့ အစီရင်ခံမှာလား။ ပြီးမြောက်အောင်မြင်ပါပြီဆိုတဲ့ အဓိပ္ပါယ်က ကျွန်တော်တို့တွေ သက်တမ်းပြီးဆုံးသွားပြီ ဆိုတဲ့အခါ ကာလုံကနေ နောက်ထပ် လူပုဂ္ဂိုလ်တွေကို တာဝန်ပေးလို့ ရသလို တစ်စုံတစ်ယောက်ကိုလည်း သူက တာဝန်ပေးလို့ ရတယ်။ လွှတ်တော်တွေ မရှိသေးတဲ့အတွက်ကြောင့် ရွေးကောက်ပွဲကို ၆ လ အတွင်း လုပ်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့မယ်။ ခင်ဗျားပဲ ဦးစီးပြီးတော့ ပြန်လုပ်ပါဆိုပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို ပြန်ပေးတာလည်း ဖြစ်နိုင်တယ်။ ဒါက အခြေခံဥပဒေရဲ့ သတ်မှတ်ချက်အရ။ အခု မရှင်းသေးတာက ကာကွယ်ရေးဦးစီးချုပ်က ဘယ်လိုအစီရင်ခံမလဲဆိုတာ။ အဲဒီအပေါ်မှာ နှစ်မျိုး ဖြစ်နိုင်တာပေါ့နော်။ ၆ လအတွင်း ရွေးကောက်ပွဲလုပ်လို့ ရပါပြီ။ အားလုံးက အဆင်သင့် ဖြစ်ပါပြီလို့ အစီရင်ခံရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမှာပေါ့။ အဲဒီအတွက်လည်း လက်ရှိ နစက ကို ဖျက်သိမ်းပြီးတော့ နောက်ထပ် အုပ်ချုပ်ရေးယန္တရားတစ်ခုကို တာဝန်ပေးရမှာပေါ့နော်”ဟု ဦးရဲထွန်းက ဆက်လက်ပြောသည်။
အမေရိကန် အပါအဝင် အနောက်ဥရောပနိုင်ငံများက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဖြစ်မည်ကို စိုးရွံ့ထိတ်လန့်နေကြပြီး နစက အနေဖြင့်လည်း ကာလုံအစည်းအဝေးတွင် တင်ပြအစီရင်ခံမည့်အကြောင်းအရာမှာ ယင်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအတိုင်း ဖြစ်သည့်အတွက် နောက်ထပ် ၆ လ သက်တမ်းတိုးခွင့်မရှိသဖြင့် ရွေးကောက်ပွဲဆိုသည်မှာ ဖြစ်ကို ဖြစ်လာမည် ဖြစ်ကြောင်းနှင့် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နစက ရော NUG ပါ လက်ရှိအချိန်ထိ လက်ခံထွေးပွေ့နေဆဲဖြစ်ကြောင်း အထက်ပါ နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူက ထပ်မံသုံးသပ်သည်။
“တစ်နှစ်၊ ၆ လ၊ ၆ လ ဆိုတော့ တစ်နှစ်ပြည့်တုန်းက တစ်ခါ လုပ်တယ်။ နောက် ၆ လ ပြည့်တော့ တစ်ခါ လုပ်တယ်။ နောက် အခု ၆ လ ပြည့်တော့ တစ်ခါလုပ်မယ်။ ဒါနောက်ဆုံးပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နစက ဆိုတာ ဆက်ပြီးတော့ ရပ်တည်ပိုင်ခွင့် မရှိဘူး။ နောက်ထပ် တိုးခွင့် မရှိဘူး။ ဘယ်လိုမှ တိုးလို့ မရတော့ဘူး။ နစက ဆိုတဲ့ နာမည် နဲ့ တိုးခွင့် မရှိတော့ဘူး။ လူပါ ပြောင်းရမှာ”ဟု ၎င်းက ပြောသည်။