
၂၃.၄.၂၀၂၅
Written By Zun
KNU အဖွဲ့ထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းများကို ထိုင်းနိုင်ငံတွင် ယမန်နေ့ ဧပြီလ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါလက်နက်ခဲယမ်းများကို ပစ်ကပ်ယာဉ်ဖြင့်တင်ဆောင်မောင်းနှင်လာခဲ့ရာ ချင်းမိုင်မြို့၊ ခန်ခေါင်ချွန် ပရထန် လမ်းပေါ် (ဆုထေ့ရပ်ကွက် အနီး)သို့ ရောက်ရှိစဉ်တွင် မသင်္ကာဖွယ်ရာ ပုံပန်းသဏ္ဍာန်များကြောင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပစ်ကပ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံသား နှစ်ဦးကို တွေ့ရှိခဲ့ပြီး ယာဉ်ပေါ်ပါ လက်နက်ခဲယမ်းများမှာ ချင်းမိုင်မြို့၊ ချန်းဖူယက်ရပ်ကွက် Lotus ကုန်တိုက်အနီးမှ သယ်ယူခဲ့ကြောင်း၊ ကယ်ရီသယ်ယူသည့်အတွက် အခကြေးငွေ ဘတ် ၈၀၀၀ မှ ၉၀၀၀ ရရှိကြောင်းနှင့် လက်နက်ခဲယမ်းများကို မယ်ဟောင်ဆောင်ခရိုင်၊ စုတ်မွေမြို့နယ်၊ မဲ့စမ်လက်ပ်ဒေသရှိ KNU တပ်ဖွဲ့ထံ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများမှာ M. 16 သေနတ် (၁၀) လက်၊ ၅ ဒသမ ၅၆ မမ ကျည်ဆံ (၁၀) ဘူးနှင့် ၄၀ မမ ဗုံးပစ်လောင်ချာ (၁၄) လက် ဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ ပစ်ကပ်ယာဉ်ဖြင့် လက်နက်သယ်ဆောင်လာသည့် ထိုင်းနိုင်ငံသား အသက် ၂၈ နှစ်အရွယ်တစ်ဦး၊ အသက် ၂၇ နှစ်အရွယ် တစ်ဦးတို့ကို ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ကွင်းဆက်များကိုလည်း ဖမ်းမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။



