
ဖြိုးဝေ
၂၂. ၄. ၂၀၂၅
နှစ်ဖက် ထုတ်ပြန်ချက်တွေအရ ငလျင်ဘေးကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ လူ ၄၀၀၀ ကျော် သေဆုံးခဲ့ရတာကြောင့် တပ်မတော်ဘက်က အပစ်ရပ်ထားချိန်မှာ အမြတ်ထွက်သွားတာက ဖလမ်းကို သိမ်းနိုင်ခဲ့တဲ့ AA နဲ့ NUG ဩဇာခံ ချင်း PDF တွေ၊ အင်းတော်ကို သိမ်းနိုင်ခဲ့တဲ့အပြင် တပ်မမှူးတစ်ဦးပါဖမ်းနိုင်ခဲ့တဲ့ KIA နဲ့ PDF တွေပါ။ ငလျင်ကို အကြောင်းပြပြီး အပစ်ရပ်ပါ့မယ့် လိမ်လည်ထုတ်ပြန်ပြီးမှ မြို့နှစ်မြို့ကို သိမ်းလိုက်နိုင်တာဟာ လက်နက်ကိုင်တိုက်ခိုက်မှုမှာ အမြတ် အစွန်းထွက်ပေမဲ့ စစ်ရေးနဲ့ တွဲနေတဲ့ နိုင်ငံရေးသိက္ခာမှာတော့ အဖတ်ဆည်စရာမရှိဘဲ အကြမ်းဖက်၊ သစ္စာမဲ့၊ ကတိမတည်တဲ့ လက်နက်ကိုင်အကြမ်းဖက်မှုဆိုတာ ကမ္ဘာက သိမြင်သွားစေခဲ့ပါတယ်။ ဒါ့အပြင်လည်း ဒီငလျင်ဘေးကြောင့်ပဲ UNESCO အသိအမှတ်ပြုခံရတဲ့ ပထမဆုံးအတာသင်္ကြန်ကို စည်ကားအောင် မကျင်းပနိုင်ချိန်မှာ ထိုင်းကတော့ သူ့ဆုန်ခရန်မှာ မြန်မာ့ရိုးရာအက၊ အလှနဲ့ မြန်မာ့သင်္ကြန်သီချင်းတွေကိုပါ ထည့်သွင်းဖော်ပြသွားလို့ သင်္ကြန်အစဉ်အလာမှန်သမျှ ထိုင်းကစသလို အကုန်ကူးယူခံနေရတာ ရင်နာစရာအရှုံးဖြစ်ပြီး ဒီလို ခါးသီးမှုတွေကို နိုင်ငံမညီညွတ်မှုကြောင့် ထိုင်ကြည့်နေရတာဟာ နိုင်ငံချစ်ပြည်သူတွေအဖို့ ရင်နာစရာဖြစ်ရပ်တွေကို ဒီကာလမှာ ကြုံကြိုက်ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ၂၀၂၅ ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင် အတည်ပြုလာပြီး ပါတီတည်ထောင်ခြင်းနဲ့ ပေါင်းစည်းခြင်းတွေကို မေလ ၉ ရက် နောက်ဆုံးထားလုပ်ဆောင်ဖို့ပါ အသိပေးလာတာ၊ KIO/KIA ဒုတိယဥက္ကဋ္ဌ ဂွမ်မော်က မြောက်ပိုင်းသုံးဖွဲ့ကို ခွေးနဲ့နှိုင်းပြီးကတည်းက ပဋိပက္ခကြီးစွာဖြစ်နေတဲ့ KIA နဲ့ TNLA ကြား ဆွေးနွေးမှုစတင်လိုက်တာ၊ အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် 𝐂𝐁𝐂-𝐔𝐒𝐀 ရဲ့ သင်းအုပ်ဆရာတွေက ပြည်သူဆီကနေ အလှူခံထားတဲ့ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးသုံးမှုပုံစံနဲ့ စာရင်းရှင်းလင်းမှုမရှိဘဲ တာ၀န်ယူ တာ၀န်ခံမှု ပျက်ကွက်ခဲ့တာ၊ တိုက်ပွဲတွေကြောင့် ချင်းလက်နက်ကိုင် CNO/CNDF လေးနှစ်သက်တမ်းအတွင်း သေဆုံးသူ ၉၁ ဦးရှိပြီး ၆၃ ဦး မသန်မစွမ်းဖြစ်ခဲ့တာ၊ ဆက်ကြေးမပေးတဲ့ ကျော်ဆန်းစက်သုံးဆီဆိုင်က ဆီဘောက်ဆာယာဉ်ကို မွန်လက်နက်ကိုင် NMSP-AD က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဝန်ခံလာတာတွေအပြင် KIA၊ KNU၊ KNPP/KNDF နဲ့ PDF တွေက အပစ်ရပ်ထားတယ်လို့ ကြေညာထားတဲ့ကာလတွေမှာ လုံခြုံရေးစခန်းတွေအပြင် ကျေးရွာတွေက လူနေအိမ်တွေကိုပါ Drop Bomb တွေနဲ့ စဉ်ဆက်မပြတ်တိုက်ခိုက်နေခဲ့တဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားလာတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
ဒါ့အပြင်လည်း တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုအရ လားရှိုးကို လုယက်သိမ်းယူထားတဲ့ MNDAA ဆုတ်ခွာမှုဖြစ်စဥ်လည်း မြင်ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ကျိုက်ထီးရိုးဘုရားဖူး ၄၈ ဦးကို KNU/KNLA နဲ့ PDF တွေ ဖမ်းဆီးလိုက်တဲ့အကြောင်း၊ ၁၃၈၆ ခုနှစ် နှစ်ဟောင်းကပေးတဲ့ ဒုက္ခတွေနဲ့ လက်ရှိနှစ်သစ်မှာရလာတဲ့ အကျိုးအမြတ်တွေအကြောင်းနဲ့ သတိပြုရမယ့် ရခိုင်ပြည်နယ် အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
ကျိုက်ထီးရိုးဘုရားဖူး ၄၈ ဦးကို ဖမ်းတဲ့ PDF
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုးဘုရားဖူးတွေကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ဦးဆောင်တဲ့ PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူးပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ဘုရားဖူးပြည်သူ ၁၈ ဦးဒဏ်ရာရခဲ့မှုဖြစ်စဥ်နောက်ပိုင်း PDF တွေရဲ့ အဆိုးဆုံးကျူးလွန်မှုအဖြစ် ကျိုက်ထီးရိုးဘုရားဖူး ၄၈ ဦးကို ဖမ်းဆီးလိုက်ကြပါတယ်။ KRF ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့က KNU/KNLA သစ္စာခံ PDF အဖွဲ့အဖြစ် ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးမှု၊ လူသတ်မှုများစွာ လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့သုံးနှစ်အတွင်း ရဟန်းသံဃာအပါအဝင် လူ ၁၈၂ ဦးအထိ သတ်ထားတယ်လို့လည်း မနှစ်က စက်တင်ဘာ ၁၆ ရက်မှာ ဝန်ခံထားတဲ့ အဖွဲ့ပါ။
ရဲပြေးအေးမင်းထွန်းတို့ KRF အုပ်စု ကျိုက်ထီးရိုးဘုရားဖူးတွေကို ပစ်သတ်အပြီးမှာ သူ့ကို ထိန်းချုပ်ထားတဲ့ KNU/KNLA ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အရေးယူမယ် ပြောခဲ့ပေမဲ့ အမှန်တကယ်အရေးမယူခဲ့တာကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းထဲမှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့က ဦးသီဟမောင်မောင် မောင်းနှင်ပြီး ဘုရားဖူးခရီးသည် ၁၁ ဦးလိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ KP စက်သုံးဆီဆိုင်အနီးသို့ရောက်ရှိချိန် PDF တွေက ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ မော်တော်ယာဉ်ခေါင်မိုးပေါ် ဗုံးသီးထိမှန်ခဲ့သလို ယာဉ်ပေါ် လိုက်ပါလာတဲ့ ဘုရားဖူး အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများစွာ ရရှိခဲ့တာကြောင့် ဒီ သတ်ဖြတ်ခံရမှု ဖြစ်စဥ်အပြီးမှာ KRF အဖွဲ့က ကျိုက်ထီးရိုးဘုရားဖူးတွေကို ဆက်လက်မနှောင့်ယှက်ဖို့ ဒေသခံလုပ်ငန်းရှင်တွေက KNU/KNLA နဲ့ KRF တို့တောင်းခံတဲ့ ဆက်ကြေးသိန်းထောင်ချီ နှစ်စဥ်ပေးခဲ့ပေမဲ့လည်း အခု သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို၊ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးလာရောက်တဲ့ ကလေးသူငယ်များစွာအပါအဝင် ဒေသခံပြည်သူ အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၄၈ ဦးတို့ ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုးစားသောက်ဆိုင်မှာ ထမင်းစားနေချိန် KRF အဖွဲ့ကပဲ PDF တွေက လက်နက်ငယ်ကိုယ်စီနဲ့ ခြေလျင်ရောက်ရှိလာပြီး ဘုရားဖူးလာသည့် ခရီးသည်တွေကို Light Truck ၂ စီးပေါ် အတင်းအဓမ္မတင်ဆောင်ပြီး အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီ ခရီးသည် ၄၈ ဦးအနက် ၄၃ ဦးတို့ကို ဧပြီ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်မှာ ဝင်းကံကျေးရွာကတစ်ဆင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြိုနယ်ဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၅ ဦးကို သီးခြားခွဲထုတ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။
ငလျင်ကြောင့် ပြည်သူတွေ ဒုက္ခကြုံနေရချိန်မို့လို့ လက်နက်ကိုင်တွေအပစ်ရပ်ထားချိန်နဲ့ သင်္ကြန်ကာလအခါသမယ အချိန်မှာ ဘာအတွက်ကြောင့် ဖမ်းဆီးရတယ်ဆိုတာကို ကျိုက်ထို ဒေသအခြေစိုက်ပြီး ရာဇဝတ်မှုကျူးလွန်နေတဲ့ KNU/KNLA နဲ့ KRF တို့က အတိအလင်း ထုတ်ပြန်ဝန်ခံလာမှုမရှိသေးပေမဲ့ သူတို့နဲ့နီးစပ်တဲ့ မီဒီယာတွေကတစ်ဆင့်တော့ ပျူစောထီးမိသားစုတွေမို့လို့ ဖမ်းတယ် ဖြေထားပါတယ်။ တပ်မတော်က စစ်ဆေး ဖမ်းဆီးချိန် မိသားစုသုံးလေးဦးဖမ်းရင်တောင် မတရားဖမ်းဆီးတယ်လို့ပြောတတ်တဲ့ PDF တွေဟာ သူတို့အလှည့်ကျတော့ ဘုရားဖူးပြည်သူမှာ နို့နံ့မစင်တဲ့ ကလေးသူငယ်တောင် မရှောင် ဖမ်းဆီးခဲ့သလို ပျူစောထီးလို့သာ အမည်တပ်လာပေမဲ့ တစ်ပတ်ကျော်လာတဲ့အထိ ပျူစောထီးဆိုတဲ့အထောက်အထားတစ်ခုမှ မပြနိုင်သေးတာကတော့ လက်နက်ကိုင်ရမ်းကားပြီး ကျိုက်ထီးရိုးဘုရားဖူးပြည်သူကို KRF တို့ ထပ်မံဒုက္ခပေးမှုလို့ပဲ သေချာပေါက် နာမည်တပ်ရမှာပဲဖြစ်ပါတယ်။
နှစ်ဟောင်းကပေးတဲ့ ဒုက္ခတွေနဲ့ နှစ်သစ်မှာရလာတဲ့ အကျိုးအမြတ်
“ကျွန်တော်တို့နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ရာဂီမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ရွာတချို့မှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေဖြစ်ခဲ့သလို မတ်လ ၂၈ ရက်နေ့မှာလည်း ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ အလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးဒဏ်ရာ ရမှုများပြားလှတဲ့အတွက်ကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ အကူအညီတွေကို ဖိတ်ခေါ်ခဲ့သလို ထိုင်းနိုင်ငံမှာကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်စဉ်မှာလည်း အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး မြေငလျင်နဲ့ ပတ်သက်လို့ အကူအညီ တောင်းခံခဲ့ပါတယ်။ ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးကြတဲ့ ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များနဲ့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်း၊ ကယ်ဆယ်ရေး ပစ္စည်းများနဲ့ အလှူငွေများကို ပေးအပ်လှူဒါန်းပေးကြတဲ့ ပြည်ပနိုင်ငံများနဲ့ ပြည်တွင်းက အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ငလျင်ဒဏ်ခံဒေသတွေရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်ပေးသွားပါမယ်။ မိဘပြည်သူများရဲ့ စုပေါင်းအားနဲ့ ဆောင်ရွက်ရင် ပုံမှန်အခြေအနေကို အမြန်ဆုံး ရောက်ရှိနိုင်မယ်လို ယုံကြည်ပါတယ်”လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားမှာ ထည့်သွင်းပြောကြားလာပါတယ်။
ရာဂီမုန်တိုင်းကာလမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာက ကူညီမှုရပေမဲ့ မဆိုစလောက်သာ အိမ်နီးချင်းနိုင်ငံအချို့က ပေးခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက်အဆိုးဝါးအပြင်းထန်ဆုံးငလျင်ကြီးဘေးမှာတော့ မြန်မာနိုင်ငံကို အမြဲတစေ တိုက်ခိုက်ထိုးနှက်နေတဲ့ အမေရိကန်ရဲ့ အကူအညီ၊ သံတမန်အဆင့်လျှော့ချပြီး မြန်မာနိုင်ငံအတွင်းက ထွက်ခွာသွားတဲ့ ဂျပန်နိုင်ငံရဲ့ အကူအညီ၊ ချက်ချင်းရောက်လာတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံရဲ့ ဘီလျံချီအကူအညီတွေအပြင် အိန္ဒိယနိုင်ငံရဲ့ မထင်ထားရလောက်အောင် ကူညီကာကွယ်ထောက်ကူပေးမှု၊ ဗြိတိန်အပါအဝင် အမြဲတစေ မကောင်းမြင်တိုက်ခိုက်ပြီး နိုင်ငံကို လက်နက်ကိုင်အဆိုးသံသရာထဲမှာ ကရွတ်ကင်း လျှောက်အောင် ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတွေဆီက ထိတွေ့ဆက်ဆံမှုနဲ့ အာဆီယံရဲ့ အာရုံစိုက်မှုကို ပြန်ရလာခဲ့တာပါ။
ဒီအထဲမှာ ချက်ချင်းဆက်သွယ်ကူညီပေးတဲ့ ရုရှားနိုင်ငံနဲ့ ရုရှားသမ္မတလိုမျိုးပဲ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီက SAC ဥက္ကဋ္ဌကို ဖုန်းနဲ့ ဆက်သွယ် အားပေးထောက်ကူစကားပြောခဲ့တဲ့အပြင် အဲဒီအချိန်မှာ BIMSTEC ကို SAC ဥက္ကဋ္ဌ မတက်ရဖို့အတွက် အိမ်ရှင် ထိုင်းနိုင်ငံကိုရော၊ BIMSTEC အဖွဲ့အစည်းကိုပါ ဖိအားပေးခံနေရချိန်မှာ ဗြဟ္မာစီမံချက်နဲ့ ကူညီမှုအပြင် ဘယ်ဖိအားကိုမှ ဂရုမစိုက်ဘဲ BIMSTEC အစည်းအဝေးမှာ တွေ့ဆုံမယ်လို့ SAC ဥက္ကဋ္ဌကို ထုတ်ပြော ဖိတ်ခေါ်ခဲ့တာ၊ အမေရိကန်နိုင်ငံက သမ္မတဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကူညီပါ့မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောပြီးနောက်မှာ ချက်ချင်းပဲ နာဂစ်ကတည်းက ကူညီနေတဲ့ Samaritan’s Purse အဖွဲ့ဟာ ဖျက်သိမ်းခံလိုက်ရတဲ့ USAID အစား ပြန်ရောက်လာခဲ့သလို ဒီအဖွဲ့ကပဲ လက်ရှိငလျင်အရေးအတွက် အဓိက ကူညီမှာဖြစ်ပြီး ဆက်လာမယ့် ကူညီကယ်ဆယ်ရေးလေယာဥ်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ကွပ်ကဲ ထိန်းကျောင်းမှုအောက် လိုအပ်တဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်သွားမယ်လို့လည်း Samaritan’s Purse အဖွဲ့ခေါင်းဆောင် Mr.Nick Bechert က ပြောခဲ့တာကို တွေ့ရ ပါတယ်။ အမေရိကန်လိုနိုင်ငံမျိုးဟာ အရင်က မြန်မာအစိုးရကို ပြစ်ဒဏ်အမျိုးမျိုးချ၊ ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်နေပြီး စစ်မီးကြာရှည်အောင် ထောက်ပို့တဲ့နိုင်ငံဖြစ်ပြီး NUG နဲ့ PDF တွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဒေါ်လာသန်း ၃၀၀ လောက် နှစ်စဉ်ထောက်ပံ့နေရာကနေ ဒီသန်း ၃၀၀ လောက်လည်း ဖြတ်တောက်လိုက်တဲ့အပြင် အခုဆို မြန်မာအစိုးရနဲ့ ချိတ်ဆက်လုပ်မယ်လို့ပါ ထုတ်ပြောလာတာက ကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုပါ။
အမေရိကန်ပြန်ဝင်လာပြီးတဲ့နောက်မှာ နွေဦးဖြစ်စဉ်အပြီး သံတမန်အဆင့်လျှော့ချသွားတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်နဲ့ JICA ကလည်း တွဲလျက်ပြန်ဝင်လာခဲ့သလို ငလျင်ဖြစ်စဉ်အပြီးမှာ လက်ခုပ်သံရလာတဲ့ တရုတ်နိုင်ငံကလည်း အမေရိကန်က သမ္မတကိုယ်တိုင် ကူညီမယ်ပြောပြီး ကနဦးမှာ ဒေါ်လာ ၂ သန်းကနေ ၇ သန်း ထပ်တိုးကူညီသလို Samaritan’s Purse အဖွဲ့ပါ ဧပြီ ၅ ရက်မှာ ၀ုန်းကနဲရောက်လာတာကြောင့် ဧပြီ ၁၀ ရက်ညမှာပဲ ယွမ်တစ်ဘီလျံ ထပ်တိုးကူညီမယ့်အကြောင်း ကြေညာလာတာမြင်ရပါတယ်။ ပထဝီနိုင်ငံရေးအချက်အခြာကျမှုကြောင့် အားပြိုင်နေတဲ့ နိုင်ငံကြီးနှစ်ခုရဲ့ တစ်ပြိုင်နက် ဩဇာတည်ဆောက်မှုကို မြင်ခဲ့ရလိုက်သလို အိန္ဒိယ၊ ရုရှား၊ ဂျပန် စတဲ့နိုင်ငံတွေရဲ့ ကူညီမှုတွေ ဒီလိုမျိုးမြင်ရမှုကို ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲအပြီး ၂၀၂၆ ဧပြီမှာ ရွေးကောက်ခံအစိုးရသစ်ကို အာဏာလွှဲပြီးတဲ့အထိ ထိတွေ့ဆက်ဆံထားနိုင်မယ်ဆိုရင် နိုင်ငံတည်ငြိမ်အေးချမ်းဖို့ မဝေးတော့တဲ့ ပြယုဂ်လည်းဖြစ်လာမှာဖြစ်ပြီး ဒါတွေကတော့ အဆိုးတွေထဲက အကောင်းတစ်ခုပါပဲ။
သတိပြုရမယ့် ရခိုင်အရေး
အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ရခိုင်လက်နက်ကိုင် AA၊ ဘင်္ဂါလီလက်နက်ကိုင် ARSA နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် လက်နက်ကိုင်အချို့ကို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့စီစဥ်နေတယ်ဆိုတဲ့ သတင်းကို အိန္ဒိယနိုင်ငံက မထင်မရှား သတင်းဌာနငယ်လေး Northeast News က ဖော်ပြခဲ့အပြီးမှာ ဒါကို မှန်မမှန် အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာတယ်လို ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧပြီ ၂၁ ရက်မှာ ပြုလုပ်တဲ့ CNF/CNA ၊ CDF-KKG တို့ရဲ့ ကလေးဒေသစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟလာပါတယ်။
မြန်မာနိုင်ငံအကြောင်းကို အကျွမ်းတဝင်သိပုံမရတဲ့ အိန္ဒိယအခြေစိုက်သတင်းဌာန အငယ်တစ်ခုဖြစ်တဲ့ Northeast News ဟာ လက်ရှိကာလမှာ AA နဲ့ ရန်ဘက်ဖြစ်နေတဲ့ ARSA အပြင် ချင်းလက်နက်ကိုင် CAN/CNF တို့ကို အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က တပ်ရင်းသုံးရင်း ပူးပေါင်းထောက်ပံ့ပြီး တပ်မတော်ကို အနိုင်ယူ ဖြိုခွင်းနိုင်တဲ့အထိ စစ်ရေးအထောက်အပံ့ဇုန်တစ်ခု ထူထောင်ဖို ဆွေးနွေးခဲ့တယ်လို ဧပြီ ၁၅ ရက်မှာ စတင် ဖော်ပြခဲ့တာပါ။
အဲဒီနောက် ဧပြီ ၂၁ ရက်မှာလည်း Northeast News ဟာ ဘင်္ဂလားဒေ့ရှ် စစ်ဖက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် (DGFI) ဗိုလ်ချုပ်ကြီး ဂျာဟန်ဂီရ် အာလမ်ဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) အရာရှိတွေနဲ့ တွေ့ဆုံဖို့ ဧပြီ ၂၀ မှာ ဒါကာကနေ ဝါရှင်တန်ဒီစီကို ခရီးစတင်ခဲ့ပြီး Northeast News ရရှိထားတဲ့ စာရွက်စာတမ်းတွေအရ၊ ဗိုလ်ချုပ်ကြီးအာလမ်ရဲ့ ခရီးစဉ်ဟာ ရခိုင်ပြည်နယ်မှာ မကြာမီစတင်မယ့် စစ်ဆင်ရေးဆိုင်ရာ အချက်အလက်အကျဉ်းချုပ် ရှင်းလင်းတင်ပြမှုက အဓိကပါဝင်မယ်လို် ဆက်လက်ရေးသားလာပါတယ်။
ဒါ့အပြင် Northeast News ရဲ့ အရင်သတင်းတွေအရ ရခိုင်လက်နက်ကိုင် AA၊ ဘင်္ဂါလီလက်နက်ကိုင် ARSA နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် လက်နက်ကိုင် သုံးဖွဲ့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေ ဆင်နွှဲမယ်ဆိုတာ၊ ဘင်္ဂလားဒေ့ရှ်တပ်မတော်က ဒီစစ်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်မှာဖြစ်ပြီး တက္ကနပ်ဖ်မြိုမြောက်ဘက် ၃၀ ကီလိုမီတာအကွာ ဆီလ်ခါလီကျေးရွာမှာ ထောက်ပံ့ရေးစခန်းတစ်ခု ပြင်ဆင်နေတယ်ဆိုတာ၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေက တပ်မတော် ထိန်းချုပ်မှုအောက် ရှိနေဆဲဖြစ်လို့ ဒီမြို့တွေကို AA က အဓိကတိုက်ခိုက်မယ်ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မုတ်သုံရာသီ (မေလမှ ဩဂုတ်လ) အတွင်း စစ်ဆင်ရေးတွေ မထိရောက်နိုင်ဘူးလို့ ယူဆထားပြီး စက်တင်ဘာမှာ စတင်နိုင်တယ်လို ခန့်မှန်းထားပေမဲ့ AA၊ CNF နဲ့ ARSA တို ညှိနှိုင်းမှုအခြေအနေအပေါ်လည်း မူတည်နေတယ်ဆိုတာကို ဆက်လက်ဖော်ပြထားပါတယ်။
လတ်တလော Northeast News ရေးသားနေတဲ့ သတင်းတွေဟာ မှန်မမှန် မသိရသေးပေမဲ့ သက်ဆိုင်တဲ့နိုင်ငံတွေဆီက ငြင်းဆိုသံတော့ ထွက်မလာသေးတာ တွေ့ရပါတယ်။ ဒီလို စစ်ရေးစွက်ဖက်မှုတွေ၊ Proxy War တွေဆိုတာက ပါဝင်တဲ့နိုင်ငံတွေဟာ ကမ္ဘာကို အသိမခံဘဲ နောက်ကွယ်ကသာ လှုပ်ရှားကြတာဖြစ်လို့ ခန့်မှန်းရခက်ပေမဲ့ ရခိုင်မြေမှာ AA နဲ့ ARSA နယ်မြေလုမှုအပြင် OIC က အမေရိကန်နဲ့ အနောက်နိုင်ငံတို့က လူ့အခွင့်အရေးအကြောင်းပြု အစ္စလာမ္မစ်ခွဲထွက်နိုင်ငံထူထောင်လိုတာ၊ တရုတ်နိုင်ငံရဲ့ BRI ထွက်ပေါက်၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံအပြင် BIMSTEC အတွက် အချက်အခြာကျတဲ့ စစ်တွေမြို့က ကုလားတန်စီမံကိန်း စတာတွေနဲ့ အခြေအနေ ရှုပ်ထွေးနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ခရစ်ယာန်ပြည်နယ် ဒါမှမဟုတ် နိုင်ငံငယ်တစ်ရပ်ထူထောင်နိုင်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတည်ဆောက်နိုင်ရေးတို့အတွက် သူမရဲ့ အစိုးရအဖွဲ့ကို ဖိအားပေးနေတယ်ဆိုတာ ပြောခဲ့အပြီးမှာ ဖြုတ်ချခံရတာနဲ့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဟာ အမေရိကန်လိုလားသူ နိုဘယ်ဆုရှင် ယူနွတ်စ်က အာဏာရနေတာကြောင့် ရခိုင်နယ်စပ်အရေးဟာ အမေရိကန်မွှေနှောက်မှုနဲ့အတူ အလွန်ရှုပ်ထွေးနေပြီး သတိထား စောင့်ကြည့်ရမယ့် အခြေအနေပါ။ ဒီအခြေအနေတွေကြားမှာ လူနည်းစုရခိုင်တွေဟာ AA ရဲ့ မွှေနှောက်မှု စစ်ဘုရင်ဝါဒအောက် ပိုင်နက် နယ်မြေပျောက်မသွားအောင်၊ မြန်မာ့အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေမပျက်အောင် အရေးတယူစောင့်ကြည့်သင့်တဲ့ အကာလကို ရောက်လာပြီလို့ သုံးသပ်မိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။