
၂၂. ၄. ၂၀၂၅
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၈ လမ်းရှိ တိုက်ခန်းတစ်ခု၌ ယနေ့ နံနက်ပိုင်းက တစ်ဦးတည်းနေသည့် အမျိုးသမီးကြီးကို လည်လှီးသတ်ဖြတ်ကာ လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၂၂ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ပြီး အဆိုပါလမ်းအတွင်း တိုက်အမှတ် (၁၅) ၌ တစ်ဦးတည်းနေ အသက်(၆၂)နှစ်အရွယ် အာအိရှဟ်ဘီ(ခ) ဒေါ်သန်းသန်းဌေးမှာ လည်လှီး အသတ်ခံရပြီး ငွေနှင့်ရွှေထည်ပစ္စည်းများပါသွားခဲ့သည်ဟု သိရသည်။
“အမေဆုံးပြီတဲ့။ အိမ်မှာ အသတ်ခံရပြီး ငွေတွေယူသွားတာပါ”ဟု ဒေါ်သန်းသန်းဌေး၏ သမီးဖြစ်သူက အခင်းဖြစ်စဥ်နှင့်ဆက်စပ်၍ ၎င်း၏ဖေ့ဘုတ်စ်လူမှုကွန်ရက်တွင် ယနေ့ မနက်ပိုင်းက မိခင်ဖြစ်သူကို Tag တွဲ၍ အသိပေးရေးသားထားသည်။
လုယက်သတ်ဖြတ်ခံရသူမှာ အဆိုပါ ၈ ထပ်တိုက် ၃ လွှာတွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ ထိုသို့နေထိုင်သည်မှာလည်း လေးလခန့်သာရှိသေးကြောင်း၊ ယနေ့နေ့လယ်တွင် တာဝန်ရှိသူများ လာရောက်စစ်ဆေးကာ သေဆုံးသူကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်၍ စစ်ဆေးနေကာ တရားခံဖမ်းမိရေး ဆောင်ရွက်နေကြောင်း သိရသည်။