
၂၂.၄.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီးတွင် ယနေ့ ဧပြီလ ၂၂ ရက်က မီးလောင်မှု သုံးကြိမ်ဖြစ်ပွားပြီး လူနေအိမ် နှစ်လုံးနှင့် ကားပစ္စည်းသိုလှောင်ရုံမီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဧပြီလ ၂၂ ရက် နံနက် ၁ နာရီမထိုးမီ ၅၂ မိနစ်အလိုက တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ လက်ထုပ်ကုန်းကျေးရွာတွင် ခြင်ဆေးခွေကို ကြမ်းကြားထဲညှပ်ကာ ထွန်းညှိထားရာမှ ကြမ်းခင်းမီးကူးစက်၍ အုတ်ညှပ်၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့သည်။

အလားတူ ဧပြီလ ၂၂ရက် နံနက် ၉နာရီ ၂ မိနစ်ခန့်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အောင်ဇေယျအိမ်ရာ၊ အင်းဝ(၆) လမ်းတွင် Heng Chang ကားဝပ်ရှော့ရှိ လူနေဆောင်အပေါ်ထပ် ကားပစ္စည်းသိုလှောင်ရုံတွင် မျက်နှာကြက်
ပြုလုပ်ရန် ဟော်လိုပိုက်ကို ဝရိန်ဆော်ရာမှ ဝရိန်မီးပွားထွက်ကာ ဆိုဖာထိုင်ခုံပေါ်သို့ကျ၍ မီးလောင်ကျွမ်းခဲ့ပြီး လူနေဆောင်အပေါ်ထပ်နှင့်ထိုင်ခုံ အနည်းငယ်မီးလောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆) ရပ်ကွက်၊ ကျောင်းကုန်းကျေးရွာ၊ စိန်ပန်းလမ်းရှိ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်းလူနေအိမ်တွင် ဧပြီလ ၂၂ရက် မွန်းလွဲ ၁၂ နာရီ ၈ မိနစ်ခန့်က လူစောင့်မရှိဘဲ ဒယ်နီအိုးတည်ထားရာမှ အပူလွန်ကဲ၍ အနီးရှိ အဝတ်အထည်များကို မီးကူးစက်ကာ လူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
မီးလောင်မှုများနှင့်ပတ်သက်၍ မီးပေါ့ဆသုံးစွဲသူတို့ကို သက်ဆိုင်ရာရဲစခန်းများက ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။