




၂၂.၄.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစု “မင်းသမီး Ubolratana Rajakanya Siriwattana Phannawadee ရဲ့ “Miracle of Life Foundation” မိသားစုတို့က ပထမအကြိမ် ထိုင်းဘတ် ၁၅၀,၀၀၀ (မြန်မာငွေ ကျပ် ၁၉၅ သိန်း) ကို သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ ဇာတ်ညွှန်းကိုအောင်ကြီးတို့ကတစ်ဆင့် ဆရာတော်အသျှင်ကုမာရ ထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
“ဒီကနေ့ ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစု “မင်းသမီး Ubolratana Rajakanya Siriwattana Phannawadee ရဲ့ “Miracle of Life Foundation” မိသားစုတို့က ပထမအကြိမ် ထိုင်းဘတ် ၁၅၀,၀၀၀ ပေါ့။ မြန်မာကျပ်ကာလတန်ဖိုးဆိုရင်တော့ ၁၉၅ သိန်းကို ရုပ်ရှင်သရုပ်ဆောင်မျိုးစန္ဒီကျော်နဲ့ ဇာတ်ညွှန်းကိုအောင်ကြီးတို့က တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ သဘာဝဘေး အန္တရာယ်ကို ခံစားလိုက်ရတဲ့ နေပြည်တော်၊ စစ်ကိုင်း၊ အင်းလေး၊ မန္တလေးက ပြည်သူပြည်သားတွေအတွက် ဦးဇင်းကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းသွားမှာပါ။ တကယ့်ကို ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေဆီကို အလှူငွေတွေ ထိထိရောက်ရောက်ပေးနိုင်ဖိုအတွက် သေချာစိစစ်ပြီး ဆောင်ရွက်သွားမှာပါ”လို့ ဆရာတော်အသျှင်ကုမာရက MT Entertainment ကို မိန့်ကြားပါတယ်။
အဆိုပါ လှူဒါန်းငွေ ကျပ် ၁၉၅ သိန်း လှူဒါန်း ပေးအပ်ခြင်းကိုတော့ ယနေ့ ဧပြီ ၂၂ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းကလည်း တရုတ်နိုင်ငံ တိုင်ပေမြို့က “Rotary Club of DADU” Dist.3461 Taiwan က ဒုတိယအကြိမ်မြောက် ထပ်မံလှူဒါန်းလိုက်တဲ့ အမေရိကန်ဒေါ်လာ ၁၅၀၀၀၊ မြန်မာငွေကျပ်သိန်းပေါင်း ၆၅၀ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။
ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူရှင်တွေက လှူဒါန်းထားတဲ့ အလှူငွေတွေကို ဆရာတော် အသျှင်ကုမာရ ဦးဆောင်ပြီးတော့ လာမယ့် ဧပြီ ၂၇ ရက်မှာ စတင်ပြီးတော့ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းမှုတွေကို လုပ်ဆောင်ပေးသွားမှာလည်းဖြစ်ပါတယ်။