
၂ဝ.၄.၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဗာတီကန်မြို့ပြနိုင်ငံ၊ အစိုးရအဖွဲ့အကြီးအကဲ ဘုန်းတော်ကြီး ပီယဲထရို ပါရိုလင် (His Eminence Cardinal Pietro Parolin)ထံသို့ ယနေ့တွင် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်က ဗာတီကန်မြို့ပြနိုင်ငံ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိကိုယ်စားလည်းကောင်း ကိုယ်တော်နှင့် ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြလိုကြောင်း ပါရှိသည်။
ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားကျောင်း၏ လက်တင်အမေရိကမှ ပထမဆုံးခေါင်းဆောင်လည်းဖြစ်သော အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီလ ၂၁ ရက် (ယမန်နေ့) နံနက် ၇ နာရီ ၃၅ မိနစ်တွင် ဗာတီကန်ရှိ ကာဆာ ဆန်တာ မာတာ(Casa Santa Marta) နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် ကက်သလစ်ဘုရားရှိခိုးကျောင်း၏ အကြီးအကဲ ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ ရိုမန်ကက်သလစ်ဘာသာဝင် ၁ ဒသမ ၃ ဘီလျံ၏ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်လည်းဖြစ်လာသည်။