




၂၂. ၄. ၂၀၂၅
Written by Nay Moe
လေးပွင့်ကြယ်ကုမ္ပဏီလီမိတတ်နှင့် တရုတ်နိုင်ငံ မာစတာဝမ်ကုမ္ပဏီ ပူးပေါင်း၍ ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသ မြင်းမထိတောင် အကြီးစား သတ္ထုတူးဖော်မှုနှင့်ပတ်သက်၍ ဒေသခံပြည်သူလူထုနှင့် အရင်ဦးဆုံးညှိနှိုင်းခြင်းမပြုလုပ်သည့်အတွက် ဒေသခံပြည်သူလူထုက ယနေ့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်ဟု စီမံကိန်းကို ကန့်ကွက်နေသည့်ပရာဒေါင်းဆွေမျိုးစုထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအနီး မြင်းမထိတောင်တွင် အကြီးစား သတ္ထုတူးဖော်မည့် လက်နက်ကိုင် ကယန်းပြည်သစ်ပါတီ(KNLP) ဥက္ကဋ္ဌဦးသန်းစိုးနိုင်ပိုင် လေးပွင့်ကြယ် ကုမ္ပဏီ တာဝန်ရှိသူများ၊ လုပ်သားများ၊ စက်ယန္တရားများ အားလုံး ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ အပြီးအပိုင် ဆုတ်ခွာ ရုပ်သိမ်းပေးရန် ဒေသခံ ပရာဒေါင်းဆွေမျိုးစုက တောင်းဆိုထားသော်လည်း တောင်းဆိုမှု မအောင်မြင်သဖြင့် ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ကန့်ကွက်မှုတွင် “ပြည်သူ့ထမင်းအိုးရိုက်ခွဲသည့် လေးပွင့်ကြယ်ကုမ္ပဏီ အလိုမရှိ”၊ “လက်နက်အားကိုးဖြင့် ကိုယ်ကျိုးရှာသူများ အလိုမရှိ”၊ “ပရာဒေါင်းဆွေမျိုးစု နယ်မြေဒေသအတွင်း လေးပွင့်ကြယ်ကုမ္ပဏီနှင့်နောက်လိုက် နောက်ပါများ အလိုမရှိ” ၊” မြင်းမထိတောင်ကို ကာကွယ်ကြ”၊”တရုတ်နိုင်ငံမာစတာဝမ်ကုမ္ပဏီ အလိုမရှိ” စသည့် စာတမ်းများကိုင်ဆောင်၍ ပရာဒေါင်းဆွေမျိုးစု ဒေသခံများက ကန့်ကွက်ခဲ့သည်။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစုတစ်ခု ဖြစ်ပြီး ပရာဒေါင်းဆွေမျိုးစုမှီတည်ရာ မြင်းမထိဒေသမှာ KNLP ၏ ထိန်းချုပ်နယ်မြေအတွင်းရှိနေသည်။ လေးပွင့်ကြယ်ကုမ္ပဏီလီမိတတ်နှင့် တရုတ်နိုင်ငံ မာစတာဝမ်ကုမ္ပဏီတို့ ငါးနှစ်တာပူးပေါင်းစာချုပ်အတိုင်း အကြီးစား သတ္တုတူးဖော်ပါက အိမ်ခြေ ၃၀ ကျော်ရှိသည့် စခန်းကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်း၊ အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာနှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက အသိပေးထားသည်။