၂၄. ၁. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်ခရိုင်ရှိ Monterey Park မြို့တွင် ဇန်နဝါရီ ၂၁ ရက်ညက တရုတ်နှစ်သစ်ကူးပွဲအခမ်းအနားကျင်းပမှုတစ်ခုအပြီး ကပွဲရုံတစ်ခုတွင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပြီးနောက် ၄၈ နာရီအတွင်း၌ပင် ပြည်နယ်အတွင်းရှိ Half Moon Bay မြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် ပစ်ခတ်မှု နှစ်ခုထပ်မံဖြစ်ပွားခဲ့ရာ လူ ခုနှစ်ဦး အနည်းဆုံးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုတွင် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားပြီဖြစ်ပြီး ၎င်းသည် အသက် ၆၇ နှစ်ရှိကာ Half Moon Bay မြို့၌ နေထိုင်သူဖြစ်ကြောင်းလည်း သတင်းများကဆိုသည်။ ပစ်ခတ်မှုမှာ မှိုစိုက်ခင်းတစ်ခုအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခြားသူများကလည်း ထရပ်ကားများရပ်နားရာ ဝင်းကြီးတစ်ခုအနီးဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့ကပြောခဲ့သည်။ ထရပ်ကားများရပ်နားရာ ဝင်း မှာ မှိုစိုက်ခင်းမှ နှစ်မိုင်ဝေးကွာကြောင်းလည်း သိရသည်။
ဤပစ်ခတ်မှုက ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ၄၈ နာရီအတွင်း ဒုတိယမြောက်ဖြစ်ပွားခဲ့ရသော လူသေကြေမှုများဖြစ်စေသည့် အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ခုလည်း ဖြစ်ခဲ့သည်။ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရဲအရာရှိများ ပစ်ခတ်မှုဖြစ်ပွားရာ မှိုစိုက်ခင်းသို့ ရောက်ရှိသွားချိန်၌ မှိုစိုက်ခင်းအတွင်း လူလေးဦးကို သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ခဲ့ရပြီး ပဉ္စမမြောက်တစ်ဦးမှာလည်း ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ခဲ့ရသည်။ အခြားသုံးဦးကို အခြားနေရာတစ်ခုတွင် ထပ်မံ၍ သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။
မွန်းလွဲ ၄ နာရီ ၄၀ မိနစ်တွင် ရဲတပ်ဖွဲ့က ချွန်လိကျောင်း (Chunli Zhao) အမည်ရှိ အသက် ၆၇ နှစ်အရွယ် သေနတ်သမားကို လုပ်သေနတ်တစ်လက်နှင့်အတူ ၎င်း၏ကားအတွင်း ဖမ်းမိခဲ့ကြောင်း၊ သေနတ်သမားက ပစ်ခတ်မှုများကို တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ကာ ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုမသိရသေးကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၃ ခုနှစ်အတွင်း၌ပင် လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုပေါင်း ၃၈ မှုထိ ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
Ref-CNN