



၂၂.၄.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာရှိ ဒက်ကာကောလိပ်နှင့် စီတီးကောလိပ်တို့မှ ကျောင်းသားများက ဧပြီလ ၂၂ ရက်တွင် မြို့တော်သိပ္ပံဓာတ်ခွဲခန်းနယ်မြေ၌ တစ်ဖန်ပြန်လည်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြပြန်ကြောင်းသိရသည်။
နံနက် ၁၁ နာရီ အချိန်ခန့်တွင် အုပ်စုတစ်ခု၏နောက်သို့ အခြားတစ်စုက နောက်ယောင်ခံလိုက်ကာ အခြားတစ်စုကလည်း မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်၍ နောက်ယောင်ခံလိုက်ဖမ်းဆီးရာမှ လမ်းပေါ်တွင် ယာဉ်သွားလာမှုအနှောင့်အယှက်ဖြစ်ကာ အုပ်စုနှစ်စုအကြားတင်းမာမှုစတင်ခဲ့သည်ဟု ဆိုသည်။
ရန်ဖြစ်တိုက်ခိုက်မှုများ အဘယ်ကြောင့် စတင်ဖြစ်ခဲ့ရသည်ကိုမူ လောလောဆယ် အတိအကျမပြောနိုင် သေးပေ။
သို့သော်ဒေသခံများ၏ ပြောကြားချက်များအရ စီတီးကောလိပ်ကျောင်းသားများက နံနက် ၁၁ နာရီခန့်ကပင် သိပ္ပံဓာတ်ခွဲခန်းလူကူးတံတားအောက်တွင် စုရုံးနေခဲ့ကြသည်ဟုဆိုသည်။ ထိုအချိန်တွင် ဒက်ကာ ကောလိပ်ကျောင်းသားများကလည်း ဆရာဆရာမများလေ့ကျင့်ရေးကောလိပ်ရှေ့တွင် ရောက်ရှိစုရုံးနေခဲ့ကြသည်ဟု ပြောခဲ့ကြသည်။
ထို့နောက်တွင်မူ နှစ်ဖက်အုတ်ခဲများဖြင့် ပစ်၊ တုတ်ချောင်းများဖြင့်တိုက်ခိုက်ကာ ရန်ပွဲကိုစခဲ့ကြခြင်း ဖြစ်သည်။
ဧပြီလ ၂၁ ရက်ကမူ ဒက်ကာကောလိပ်ကျောင်းသားတစ်ဦးမှာ ဒန်မွန်ဒီ ရပ်ကွက်အတွင်း အမည်မသိ လူငယ်တစ်စု၏ တိုက်ခိုက်မှုခံရကာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ခဲ့ရသည်။ တိုက်ခိုက်သူလူငယ်များမှ တစ်ဦးက စီးတီးကောလိပ်ကျောင်းသားဟု အချို့က စွပ်စွဲကြသည်။ ထို့ကြောင့်လည်း ကောလိပ်နှစ်ခုမှ ကျောင်း သားများ၏ တိုက်ခိုက်ရန်ဖြစ်မှုများက တစ်ဖက်နှင့်တစ်ဖက် ကာလကြာရှည် မလိုမုန်းထား ရန်ငြိုးထား မုန်းတီးမှုများကို အခြေခံ ဖြစ်နေရခြင်းဟုပင် ဆိုကြသည်။
ဧပြီလ ၂၂ ရက် ရန်ပွဲမတိုင်မီကလည်း လူမှုကွန်ရက်ပေါ်တွင် တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်ပြောကြားမှု များကို ပြု လုပ်နေကြရာ ၎င်းတို့က ရန်ပွဲဖြစ်စေရန်လောင်စာထိုးပေးသကဲ့သို့ပင် ဖြစ်ရသည်ဟုဆိုကြ သည်။
ဒက်ကာမြို့၌ အဆိုပါကောလိပ်နှစ်ခုမှကျောင်းသားများက တစ်ဖက်နှင့်တစ်ဖက်မကျေနပ်မှုများကြောင့် မကြာခဏ ဆိုသလို လူသေသည်အထိ တိုက်ခိုက်မှုများ ဖြစ်ပွားတတ်ကြသည်။
Ref-Dhaka Tribune