
၂၂. ၄ .၂၀၂၅
Written by Thiri
ချောင်းရေ ကြေးနီရောင်ပြောင်းကာ ချောင်းထဲက ငါးတွေ ရုတ်တရက်သေဆုံးပြီး အပုပ်နံ့တွေထွက်ပေါ်နေလို့ ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ် ညောင်တုန်းစု ကျေးရွာအုပ်စုအတွင်းရှိ ရွာတချို့မှာ သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်လို့ မော်ကျွန်းမြို့အခြေစိုက် တုနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်းထံကနေ သိရှိရပါတယ်။

ဖြစ်ပွားနေတဲ့ ချောင်းက ဧရာဝတီမြစ်လက်တက်တစ်ခုဖြစ်တဲ့ ရာဇူတိုင်မြစ်ကနေ ခွဲထွက်ကာ ကျိုက်ပိ၊ သောင်တန်း၊ ဝဲဒေါင့်၊ အုန်းပင်စု၊ နွံ့ကော်၊ ကျူချောင်း၊ မအူထုံး စတဲ့ ရွာတွေဆီ ဆက်စပ်စီးဆင်းတဲ့ ချောင်းလို့လည်း သိရှိရပြီး အခု သောက်သုံးရေ အရေးပေါ်လိုအပ်နေတာလည်း အဆိုပါကျေးရွာတွေမှာပဲ ဖြစ်ပါတယ်။
တုနှိုင်းမဲ့ မေတ္တာလူမှုကူညီရေးအသင်းမှ ကိုဦးက “အခါတွင်းတုန်းက မိုးရွာပြီး အခု မရွာတာ လေး ငါးရက်လောက်ရှိပြီ။ စဖြစ်တာက ၁၈၊ ၁၉ ရက်လောက်က စဖြစ်တာ။ ဘာကြောင့်သေတယ်တော့ သေချာမသိရသေးဘူး။ အခု ရေတွေက ကြေးနီရောင်ထပြီး အနံ့တွေက အပုပ်နံ့ထွက်နေတာမို့ သုံးလို့ရော သောက်လို့ရော အဆင်မပြေလို့ ရေသန့်ဗူးကြီးတွေ ကျွန်တော်တို့ကူညီနေပါတယ်။ မြစ်နား ချောင်းနား နေကြတော့ ဒီရေကိုပဲ အားထားသုံးတာမှာ ရေမကောင်းတော့ ဒုက္ခရောက်နေကြတာ။ မြစ်ကြီးတွေထဲမှာတော့ ဘာမှ မဖြစ်ပါဘူး” လို့ ဆိုပါတယ်။
ချောင်းရေ ညစ်ညမ်းမှုကြောင့် ချောင်းရိုးတစ်လျှောက်က ရွာ ခုနစ်ရွာခန့်မှာ သောက်ရေ ပြဿနာရင်ဆိုင်နေရပြီး လယ်ယာမြေတွေမှာလည်း ရေမသန့်ရှင်းမှုကြောင့် ပြဿနာဖြစ်လာမနိုင်မလား စောင့်ကြည့်စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
အခုလို သဘာဝမြစ်ချောင်းတွေမှာ ငါးတွေသေတာ၊ ရေအရောင်ပြောင်းတာတွေနဲ့ပတ်သတ်လို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့လူမှုကွန်ရက်ပေ့ခ်ျတစ်ခုဖြစ်တဲ့ Green World Agriculture Knowledge Sharing and Learning Page မှာ ရေသားဖော်ပြထားတဲ့ ”မြစ်ချောင်းတွေမှာ ငါးတွေ သေဆုံးရတဲ့ အကြောင်းအရင်း” ဆိုတဲ့ ဆောင်းပါးမှာတော့ ဧရာဝတီတိုင်းအတွင်းဖြစ်စဉ်နဲ့ အခြေအနေတချို့နဲ့ အလားသဏ္ဍာန်တူတာကိုတွေ့ရှိရပြီး မြစ်ချောင်းထဲ အခုလို ဖြစ်ရပ်တွေ ဖြစ်ရတဲ့ အခြေအနေက “ရေထဲမှာ Hypoxia အောက်ဆီဂျင် လျော့နည်းခြင်း၊ ရေအပူချိန်မြင့်ခြင်း၊ Algae bloom ရေညှိပေါက်ဖွားမှုများပြားခြင်းနဲ့ ဗိုင်းရပ်စ်ရောဂါကူးစက်ခြင်း စတာတွေက အဓိကအကြောင်းအရင်းဖြစ်တယ်။ ဒါ့အပြင် စက်ရုံအလုပ်ရုံ၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ထွက်လာတဲ့ Toxic chemicals တွေ၊ မိလ္လာအညစ်အကြေးနှင့် အခြားသောအန္တရာယ်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်လည်း ရေထုညစ်ညမ်းမှုကိုဖြစ်စေပြီး ရေနေသတ္တဝါတွေကို အဆိပ် သင့်စေပါတယ်”လို့ ဆောင်းပါးရှင်က ရေးသားဖော်ပြထားပါတယ်။
နောက်ပြီး မြစ်ချောင်းတွေမှာ ရေစီးရေလာမကောင်းတာ၊ စီးဆင်းဖို့ရေ မလုံလောက်တာတွေကြောင့်လည်း ငါးသေဆုံးမှုဖြစ်ပွားနိုင်ပြီး ဂေဟစနစ် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုလည်း အရေးပေါ်ထည့်သွင်းစဉ်းစားရမယ့် အခြေအနေမှာရှိနေတယ်လို့လည်း ဆောင်းပါးမှာ ဖော်ပြထားပေမယ့် လက်ရှိအချိန်အထိ ဧရာဝတီတိုင်းအတွင်း ရာဇူတိုင်မြစ် ချောင်းလက်တက်ရဲ့ ပြဿနာကိုတော့ ဒေသခံတွေက အခုလို အရင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးပေမယ့် မိုးကျရင် ပြန်ကောင်းမယ် မျှော်လင့်ထားပါတယ်။
ဒါပေမဲ့လည်း သေချာရေရာတဲ့ ဖြေရှင်းမှုတွေ သက်ဆိုင်ရာနဲ့ ပူးပေါင်းလုပ်ဆောင်နေတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။