
၂၂.၄.၂၀၂၅
Translated by Htwe Ko Tun
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားလာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အနေနဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လမ်းဖွင့်ပေးထားတယ်ဆိုတာ ပထမဆုံးအနေနဲ့ ထင်ထင်ရှားရှားအချက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းကနေ ဧပြီလ ၂၁ ရက်ကပြောခဲ့ရာမှာ ပူတင်က “ဘယ်လိုငြိမ်းချမ်းရေး စီမံချက်တွေအပေါ်မဆို အပြုသဘောရှုမြင်ပါတယ်။ ယူကရိန်းအစိုးရ ကိုယ်စားလှယ်တွေဘက်ကလည်း ဒီလိုပဲသဘောထားရှိမယ်လို့ ကျွန်တော်တို့မျှော်လင့်တယ်”လို့ ဆိုခဲ့ပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကလည်း သမ္မတပူတင်ရဲ့ပြောကြားချက်တွေက ယူကရိန်းအရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဖို့နဲ့အတူ တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုလားတာကို ရည်ညွှန်းပြသနေတယ်လို့ ဆိုခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ပူတင်ရဲ့ပြောကြားချက်တွေအပေါ် တိုက်ရိုက်တုံ့ပြန်မှု မပြုလုပ်ခဲ့သေးပါဘူး။ ဒါပေမယ့် အရပ်သားပြည်သူတွေရဲ့ လုံခြုံစိတ်ချရမှု အာမခံမယ်ဆိုရင် ယူကရိန်းဘက်ကလည်း ဘယ်ဆွေးနွေးပွဲအတွက်မဆို အဆင်သင့်ပါပဲလို့ ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ပွဲစတင်ဖြစ်ပွားကတည်းက ရုရှားနဲ့ ယူကရိန်းအကြား တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးမှုရယ်လို့ တစ်ကြိမ်မှမရှိခဲ့သေးပါဘူး။
Interfax သတင်းဌာနကို မှတ်ချက်ပြုပြောခဲ့ရာမှာလည်း ပက်စ်ကော့ဗ်က “သမ္မတပူတင်အနေနဲ့ အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ကိစ္စကို ဆွေးနွေးသွားနိုင်ခြေရှိပါတယ်။ နှစ်ဖက်စလုံးအတွက်ပေါ့။ တစ်ချိန်တည်းမှာ သူ့အနေနဲ့ ညှိနှိုင်းပွဲတွေ၊ ဆွေးနွေးပွဲတွေ ယူကရိန်းနဲ့လုပ်သွားဖို့လည်း စိတ်ထဲမှာရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဇယ်လန်စကီးက ဗီဒီယိုမိန့်ခွန်းမှာပြောခဲ့ရာမှာတော့ ယူကရိန်းအနေနဲ့ ရုရှားအစိုးရဆီက အရပ်သားပစ်မှတ်တွေကို မတိုက်တော့ဘူးလို့ ရှင်းလင်းတဲ့သဘောတူချက်လိုလားပါတယ်လို့ ပြောခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ရဲ့ ခုလို တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေးအဆိုပြုချက်က တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲကြရင်း အချိန်ပြည့်သွားပြီဖြစ်တဲ့ နာရီ ၃၀ ကြာ အီစတာ ပွဲတော်အပစ်အခတ်ရပ်စဲရေးအပြီးမှာ ထွက်ပေါ်လာတာပါ။
Ref- bbc