
၂၂.၄.၂၀၂၅
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မှုတ်ရှည်ကျေးရွာနှင့် ကန်သုံးဆင့်ရွာသွား မြေသားလမ်း၊ ကန်သုံးဆင့်တရားရိပ်သာအနီးတွင် ဖြစ်ပွားခဲ့သော အသက် ၆၁ နှစ်အရွယ် အိုးဝေယာဥ်မောင်း အသတ်ခံရမှုနှင့်ပတ်သက်၍ ကျုးလွန်သူလူငယ်နှစ်ဦးကို ဖမ်းဆီးပြီးနောက် ဧပြီလ ၂၁ ရက်နေ့က ချုပ်ရမန်ယူကာ ဆက်လက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကျုးလွန်သူ လူငယ်နှစ်ဦးမှာ အသက် ၂၀ အရွယ် တိုးတက်ချမ်းသာနှင့် အသက် ၁၆ နှစ်အရွယ် သီဟကျော်တို့ဖြစ်ပြီး ဧပြီလ ၁၇ ရက် ညပိုင်းက ရွှေတံခါးရပ်ကွက်တွင် မင်္ကာဖွယ်ရာလူနှစ်ဦးကို တွေ့ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းရသဖြင့် သွားရောက်စစ်ဆေးရာမှ မြို့ရိုးအနီးကျုံးအတွင်း ပုန်းအောင်းနေသော လူငယ်နှစ်ဦးကို တွေ့ရှိကာ စစ်ဆေးမေးမြန်းချိန် လူသတ်မှုကျူးလွန်ထားကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
အသတ်ခံရသော အိုးဝေယာဥ်မောင်းမှာ ဦးဖိုးလုံးဖြစ်ပြီး ဆည်မြောင်းဌာနမှ ယန္တရားမောင်းသည့် ဝန်ထမ်းဖြစ်ကာ အလုပ်ပါးသဖြင့် အိုးဝေယာဥ်ကို ငှားရမ်းမောင်းနှင်သူဖြစ်ကြောင်း သိရသည်။
လူသတ်မှုဖြစ်ပွားခဲ့သော ဧပြီလ ၄ ရက်နေ့က ဦးဖိုးလုံးကို လူငယ်နှစ်ဦးက ကန်သုံးဆင့်ဘက်သို့ သွားရန် အသွားအပြန်ငှားရမ်းခဲ့ပြီး လမ်းခုလတ်တွင် အိုးဝေယာဥ်မောင်း၏ လည်ပင်းနှင့် ကျောပြင်ကို သစ်သီးလှီးဓားဖြင့် ထိုးကာ ငွေအချို့ကို ယူဆောင်သွားကြောင်း သိရသည်။
“ရန်ငြိုးရန်စလည်းမရှိဘူး၊ သဘောကောင်းတဲ့ ဦးလေးကို ငွေရလိုစိတ်နဲ့ လူသတ်မှု ကျုးလွန်ခဲ့တဲ့ နှစ်ယောက်ကိုတော့ ကျသင့်ကျထိုက်တဲ့ ပြစ်ဒဏ်ကို ရစေချင်တယ်”ဟု သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးကပြောသည်။
အိုးဝေယာဥ်မောင်းအသတ်ခံရမှုကြောင့် ပြည်မြို့အမှတ်(၃)နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ကျုးလွန်သူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။




