
၂၂.၄. ၂၀၂၅
Translated by Thettant
ဒီနေ့မနက် ၆ နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ်၊ စဘားယွိုင်ခရိုင်ဘုန်းကြီးကျောင်းအနီး ကျေးလက်လမ်းမတစ်ခုပေါ်မှာ မွတ်စလင် ခွဲထွက်ရေးသူပုန် သေနတ်သမားတွေက ပစ်ခတ်တိုက်ခိုက်ပြီး ဆွမ်းခံထွက်လာတဲ့ သံဃာတော်တွေကို ပစ်သတ်တာကြောင့် အသက် ၁၆ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး အသက် ၁၂ နှစ်အရွယ် ကိုရင်ငယ်တစ်ပါးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ကိုရင်ငယ်နှစ်ပါးဟာ ရဲအရာရှိ ဝပ်ထနာ ချူမာပန် မောင်းနှင်တဲ့ ပစ်ကပ်ကားပေါ်မှာ အခြားသံဃာတော်လေးပါးနဲ့အတူ စဘားယွိုင်ခရိုင်အတွင်းကို ဆွမ်းခံထွက်လာချိန် ကုလဘုန်းကြီးကျောင်းရဲ့ မီတာ ၅၀၀ ခန့်အကွာအရောက်မှာ ဆိုင်ကယ်စီးလာသူရဲ့ နောက်မှာလိုက်ပါလာသူတစ်ဦးက သံဃာတော်တွေကို စစ်သုံးရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် ကိုရင် ပုန်ကွန် ချူမာပန်နဲ့ အသက် ၁၂ နှစ်အရွယ် ကိုရင် ပိုကနိတ် မိုရာဆီလ် ဒဏ်ရာရရှိခဲ့တာပါ။
ကားပေါ် လိုက်ပါလာတဲ့ ရဲအရာရှိတွေက တာဝန်ချိန်သုံးလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း သေနတ်သမားတွေ လွတ်မြောက်သွားခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ကိုရင်ငယ်နှစ်ပါးကို ခရိုင်ဆေးရုံဆီ အလျင်အမြန် ပို့ဆောင်ခဲ့ပေမဲ့ ရဲအရာရှိ ဝပ်ထနာချူမာပန်ရဲ့သားဖြစ်သူ ပုန်ကွန် ချူမာပန်ဟာ ဆေးရုံသို့ရောက်ရှိချိန် ပျံလွန်သွားခဲ့တာပါ။
ထိုင်းနိုင်ငံအနောက်ပိုင်းနဲ့ တောင်ပိုင်းက ပတ္တာနီ၊ ယာလာ၊ နရာသီဝပ်စတဲ့ မငြိမ်သက်တဲ့ ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ မလေးမွတ်စလင် တောင်ပိုင်းသူပုန်တွေဟာ စစ်ဘက်နဲ့ အရပ်ဘက်ပစ်မှတ်များစွာအပေါ် တိုက်ခိုက်မှု မြှင့်တင်ခဲ့ပြီး တနင်္ဂနွေနေ့ကလည်း မွတ်စလင် သူပုန်တွေဟာ မော်တော်ဆိုင်ကယ်ဘေးတွဲမှာ ဝှက်ထားတဲ့ အလေးချိန် ၈၀ ကီလိုဂရမ်ရှိ ဓာတ်ငွေ့အိုးနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး (IED)ကို နာရာသီဝပ်ပြည်နယ်၊ မူအမ်ခရိုင်၊ ခေါ့ခီယန်ခရိုင်ခွဲက ရဲတပ်ဖွဲ့ဝင်တွေနေထိုင်ရာ ကွန်ကရစ်နံရံအနီး ရပ်တန့်ဖောက်ခွဲခဲ့တာကြောင့် ဘာသာရေးသင်တန်းတက်ဖို့ သွားရောက်နေတဲ့ အသက် ၇ နှစ်ကနေ ၁၅ နှစ်ကြား ကလေးငယ် ၇ ဦးအပါအဝင် လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပြည်နယ်အတွင်းက မွတ်ဆလင်များစွာအကြား ပြစ်တင်ရှုတ်ချမှု ဖြစ်ပွားခဲ့သလို မွတ်စလင်ဘာသာရေးခေါင်းဆောင်ဟောင်း ချူလာရတ်ချာမွန်ထရီရဲ့သားဖြစ်သူ အထက်လွှတ်တော်အမတ်ဟောင်း ဆာကီဖီသက်ကွမ်ပူးကလည်း ထိုင်းတောင်ပိုင်းက ပတ္တနီပြည်နယ်အတွက် တိုက်ပွဲဝင်နေတဲ့ မလေးမွတ်စလင် သောင်းကျန်းသူအုပ်စုတွေရဲ့ ဒီလုပ်ရပ်ဟာ သူတို့ရည်မှန်းချက်ကို ထိခိုက်နိုင်တယ်လို့ ပြောခဲ့ပြီး အရပ်သားတွေ အပေါ် အကြမ်းဖက်မှုကို မေးခွန်းထုတ်ခဲ့သလို ကျူးလွန်ခံရသူတွေဟာ တရားမျှတမှုကို ဘယ်လိုရှာဖွေကြမလဲလို့လည်း Facebook ပေါ်က ဝေဖန်ခဲ့ပါတယ်။
Ref, Thai PBS & Khaosod