၂၄. ၁. ၂၀၂၃
Written by Nay Aung
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သည် ဇန်နဝါရီ ၂၃ရက်နေ့က ပင်လယ်ပြင်အတွင်း ကျန်းမာရေးဆိုင်ရာ အခက်ခဲများဖြင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံသားသင်္ဘောသားကိုသန်းထိုက်လွင်ကို ရဟတ်ယာဥ်ဖြင့် သွားရောက် ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင်တွင် ကျောက်ချထားသော စင်ကာပူအခြေစိုက် MT GB Venture အမည်ရှိ သင်္ဘောပေါ်တွင်အလုပ်လုပ်နေသော မြန်မာသင်္ဘောသားသည် သင်္ဘောပေါ်တွင်အလုပ်လုပ်နေရင်း ဟိုက်ဒရောလစ်ပိုက်လိုင်းနှင့် ထိခိုက်မိခဲ့သောကြောင့် ဝမ်းဗိုက်တွင်ဒဏ်ရာရခဲ့ပြီးအရေးပေါ် ဆေးကုသမှု လိုအပ်နေ၍ အကူအညီတောင်းခံလာသဖြင့် Bhubaneswar မြို့ရှိ အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့၏ အပေါ့စားရဟတ်ယာဉ် Light Helicopter (ALH) ဖြင့် မြန်မာသင်္ဘာသားကို သွားရောက်ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ ပင်လယ်ပြင်တွင် အခက်ခဲကြုံနေရသည့် မြန်မာနိုင်ငံသားသင်္ဘောသားကို ဇန်နဝါရီ ၂၃ ရက် နံနက် ၁၀နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့်သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ သန်းထိုက်လွင်အမည်ရှိ မြန်မာနိုင်ငံသားသင်္ဘောသားကို သင်္ဘောပေါ်မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီးနောက် Bhubaneswar မြို့ရှိ Apollo ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါဆေးရုံမှ ဆရာဝန်များ၏ ကုသမှုများကြောင့် ကိုသန်းထိုက်လွင်၏ အခြေအနေသည် စိုးရိမ်စရာမရှိတော့ဘဲ လက်ရှိအချိန်တွင် တည်ငြိမ်ကောင်းမွန်နေကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် အိန္ဒိယနိုင်ငံ Odisha ပြည်နယ်ရှိ Paradip မြို့ အရှေ့မြောက်ဘက် ရေမိုင် ၈၀ အကွာ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားခြင်းဖြစ်ပြီး သင်္ဘောနှင့်ပတ်သက်သော လုပ်ငန်းများလုပ်ကိုင်ချိန်တွင် မြန်မာသင်္ဘောသား ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ref- thestatesman