
ပုံစာ-မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြောက်ပိုင်းသုံးဖွဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်က မီးလောက်ပျက်စီးခဲ့သည့် နယ်စပ်ဂိတ်အား တွေ့ရစဉ်။
ဆွေးနွေးမှုများ မေလအတွင်း အပြီးသတ်နိုင်မည်ဟု ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ သုံးသပ်
၂၂. ၄. ၂၀၂၅
Written by Nyein Kyaw
လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေစိုက်လာပြီးနောက် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများဆွေးနွေးနေကြောင်း မူဆယ်အခြေစိုက် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
“ပြည်မကြီးနဲ့ မူဆယ်ကနေ တရုတ်ကို ကုန်စည်ပို့ဆောင်ဖို့ပေါ့။ အဲဒါကိုတော့ ညှိနှိုင်းနေတယ်။ ဖွင့်မယ်လို့ကြားတယ်။ ကိုးကန့်၊ တရုတ်ရော၊ မြန်မာအစိုးရဘက်ရောပေါ့။ အဓိကတော့ မန္တလေး-မူဆယ်ပေါ့။ ဒါဆိုကျွန်တော်တို့ ပိုအဆင်ပြေသွားပြီ မင်္ဂလာပေါ့ခင်ဗျာ” ဟု မူဆယ်အခြေစိုက် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် ကျင်းစန်းကျော့နယ်စပ်ဂိတ်မှသာ ကုန်ကားအနည်းငယ်ဖြင့် တင်ပို့နေခြင်းဖြစ်၍ မူဆယ်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကနဦးဆွေးနွေးမှုများ ဆောင်ရွက်ထားကြောင်းနှင့် လာမည့် မိုးရာသီမတိုင်မီ မေလအတွင်း အပြီးအပြတ်ဆွေးနွေးသွားဖွယ်ရှိနေကြာင်း သိရသည်။
“အချိန်ကတော့ ကျွန်တော်ထင်တယ်။ မေလကို အပြီးအပြတ်ဆွေးနွေးမယ်ထင်တယ်။ အခုတောင် ကနဦးဆွေးနွေးပြီးပြီလေ” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ၏ ညှိနှိင်းပေးမှုအရ တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်များ လားရှိုးမြို့အတွင်း ကျူးကျော်တပ်စွဲထားရာမှ ယမန်နေ့က နောက်ဆုံးထား ပြန်လည်ဆုတ်ခွာပေးခဲ့သလို ယနေ့ နံနက်တွင် လားရှိုးမြို့တွင်းသို့ တပ်မတော်စစ်ယာဉ်တန်း ၇၅ စီးကျော် ထပ်မံဝင်ရောက်လာကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားမှုအရ သိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နှင့် တအာင်း TNLA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီးနောက် လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို စတင်တိုက်ခိုက်ချိန်မှစတင်ပြီး မြန်မာ-တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည်လည်း လက်ရှိအချိန်အထိ ပိတ်ထားရခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်မကြီးနှင့် မူဆယ်မြို့အကြား လမ်းပန်းပြတ်တောက်မှုများကြောင့် မူဆယ်မြို့ဒေသခံများ စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုကို ရင်ဆိုင်ခဲ့ရသလို တရုတ်နိုင်ငံဘက်မှ ခွင့်ပြုပေးသည့် တစ်နိုင်တစ်ပိုင်ကုန်စည်များနှင့် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်တစ်ခုလျှင် စားသောက်ကုန်ပစ္စည်း ၅ ကီလိုဂရမ် (5 Kg) ပေးသွင်းထားမှုဖြင့်သာ ရပ်တည်ခဲ့ရခြင်းဖြစ်သည်။

