
ပုံစာ။ တပ်မတော်စစ်ယာဥ်တန်းများ ဝင်ရောက်လာနေမှုနှင့် ကိုးကန့်အလံကင်းစင်သွားသော လားရှိုး (Photo & Movie - Wa News Land)
၂၂. ၄. ၂၀၂၅
Written by Nay Moe
တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုအရ တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်တွေ ကျူးကျော်တပ်စွဲထားရာကနေ မနေ့က နောက်ဆုံးထား ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ သိရပြီးတဲ့နောက် ဒီနေ့မနက်မှာ လားရှိုးမြို့ထဲကို တပ်မတော်စစ်ယာဉ်တန်း ၇၅ စီးကျော် ထပ်မံဝင်ရောက်လာနေတယ်လို့ ဒေသတွင်းမီဒီယာတွေက ရေးသားဖော်ပြလာပါတယ်။
ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၇ နာရီဝန်းကျင်ကစ တပ်မတော်ယာဥ်တန်းဟာ မိုင်းရယ်ကနေ လားရှိုးမြို့တွင်းထဲ ဝင်ရောက်နေတာလို့လည်း သိရပါတယ်။
လားရှိုး အကျဥ်းထောင်က ကိုးကန့်တပ် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အကျဥ်းသားတချို့ကို MNDAA က မနေ့ ဧပြီ ၂၁ ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ စစ်သုံ့ပန်းတွေကို လောက်ကိုင်ဘက် ရွှေ့ပြောင်းခဲ့တယ်လို့လည်း MNDAA နဲ့ နီးစပ်သူတစ်ဦးကပြောကြောင်း TNLA ရဲ့ မီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုနဲ့ အထူးဒေသ (၁) နယ်မြေအဖြစ် လားရှိုးကို ကျူးကျော်သိမ်းပိုက်ထားတဲ့ တရုတ်ကိုးကန့် MNDAA ဆုတ်ခွာအပြီး မနေ့ကမနက်မှာတော့ ကိုးကန့်အလံတွေဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်တင်ခဲ့ကြပါတယ်။
ဧပြီ ၁၉ ရက်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ အရာရှိတွေ၊ တရုတ်ကိုယ်စားလှယ်တွေ လားရှိုးမြို့ထဲ ဝင်ရောက်နေရာယူ တပ်စွဲတယ်ဆိုတဲ့ သတင်းတွေ၊ ဒီလို အေးအေးချမ်းချမ်းဝင်သိမ်းနိုင်အောင် ‘ဝ’လက်နက်ကိုင် UWSA နဲ့ MNDAA တို့ လုံခြုံရေးယူပေးတယ်ဆိုတဲ့သတင်းတွေနဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ MNDAA က မနေ့က နောက်ဆုံး လားရှိုးက ထွက်ခွာပေးရမယ်ဆိုတဲ့သတင်းတွေကို Exile Media တွေ ဖော်ပြနေပေမဲ့ ပါဝင်တဲ့ဘက်အသီးသီးက ဒီနေ့အထိတော့ တရားဝင်ထုတ်ပြန်လာမှုမရှိသေးပါဘူး။
လားရှိုးမြို့မှာတော့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာရသူတချို့ ပြန်ဝင်လာနေပြီဖြစ်သလို ဒီနေ့မနက်အထိလည်း တိုက်ပွဲဖြစ်တာမရှိဘဲ အခြေအနေအေးဆေးနေပြီး ညှိနှိုင်းသူတွေ သွားလာမှသာ လုံခြုံရေးအရ လမ်းယာယီပိတ်တာကလွဲရင် တခြား ပဋိပက္ခရှိမနေဘူးလို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။
ပုံစာ။ တပ်မတော်စစ်ယာဥ်တန်းများ ဝင်ရောက်လာနေမှုနှင့် ကိုးကန့်အလံကင်းစင်သွားသော လားရှိုး (Photo & Movie – Wa News Land)






