၂၄. ၁. ၂၀၂၃
Written by Ye Kyaw
လေးနှစ်ကျော် ရပ်နားထားသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)၏ သံရည်ကျို အလုပ်ရုံခွဲ ၂၂ ရုံအနက် ၁၉ ရုံ စမ်းသပ်လည်ပတ်ခဲ့ပြီး ကျန်သုံးရုံအား ရုရှား-မြန်မာ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကာပြီးစီးပါက ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်နက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)၏ အဓိက ထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသယံ ဇာတကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ ၂၂ ရုံရှိပြီး အလုပ်ရုံခွဲ ၁၉ ရုံအား ဝန်မပါဘဲ စမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်သည်။
ကျန်ရှိသည့် အလုပ်ရုံခွဲသုံးရုံကို ရုရှားနိုင်ငံမှ ပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပြုပြင်ပြီးစက်ပစ္စည်း ကိရိယာများကို ပြန်လည်ချို့ယွင်းပျက်စီးမှု မရှိအောင် ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်နိုင်ရေးအစီအမံများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားနိုင်ရေး စီမံထားရန်လိုအပ်တယ်” ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားသည်။
အဆိုပါ အလုပ်ရုံများသည် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ရုရှားပညာရှင်များ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဘဲ ၇၂ နာရီကြာ စမ်းသပ်လည်ပတ်ခဲ့ပြီးနောက် စက်ရုံယာယီရပ်ဆိုင်းရစဥ် လေးနှစ်ကျော် ရပ်နားထားခဲ့ရကြောင်း သိရသည်။
စက်ရုံရပ်ဆိုင်းခဲ့သည့်အတွက် အလုပ်ရုံများအချင်းချင်း ချိတ်ဆက်မှုများ အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘဲ ယခုမှသာ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်ဖြင့် ကွန်ပျူတာထိန်းချုပ်မှုများ၊ စက်ပြင်ဆင်မွမ်းမံမှုများ၊ ချိတ်ဆက်ဆောင်ရွက်မှုများကို ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း သိရသည်။