ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုအပ်ဟု ကြေညာ

MT News
၂၂.၄.၂၀၂၅
အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားကို ယနေ့ထုတ်ပြန်လာခဲ့ပြီး ထုတ်ပြန်ချက်အရ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုအပ်ဟု ကြေညာထားသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ်၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းကို ၂၉-၃-၂၀၂၅ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့မှ ၂၁-၆-၂၀၂၅ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာစာ၊ ၁၇ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၁၈ ရက်နေ့တွင် သင်္ချာ၊ ၁၉ ရက်နေ့တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ ၂၀ ရက်နေ့တွင် ရူပဗေဒနှင့် သမိုင်း၊ ၂၁ ရက်နေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒတို့ကို နေ့စဥ် နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း ဖြေဆိုရမည်ဖြစ်သည်။
ထိုသို့ ဖြေဆိုရာတွင် ယခင် ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာပေးမည် ဖြစ်သည်။
သို့သော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက (ဗန်းမောက်)၊ အထက (ဝန်းသို)၊ အထက(မော်လိုက်)၊ အထက (ကင်းတပ်) နှင့် အထက(အရာတော်) စာစစ်ဌာနများတွင် ဖြေဆိုခဲ့သူများသည် ပြန်လည် ဖြေဆိုရန် မလိုအပ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော စာစစ်ဌာနများအနက် စာစစ်ဌာနအချို့ကိုလည်း ပြောင်းလဲဖြေဆိုရန် သတ်မှတ်ထားပြီး မပြောင်းလဲထားသော ကျန်စာစစ်ဌာနများမှာ မူလစာစစ်ဌာနများ၌သာ ဖြေဆိုရမည်ဖြစ်သည်။
ယခုပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးများထံမှ ၁-၆-၂၀၂၅ ရက်နေ့မှ ၁၅-၆-၂၀၂၅ ရက်နေ့အတွင်း တိုက်ရိုက်ထုတ်ယူရမည်ဖြစ်သည်ဟုလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၊စုစုပေါင်း(၆၂၉၅၄)ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့သည် မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရမှုတွင် ပါဝင်သွားသည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းထက် အအောင်ပေးကာ တက္ကသိုလ်ဝင်ခွင့်တွင်မှ ဖြေဆိုစစ်ဆေးသင့်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ယမန်နေ့က အကြံပြုတိုက်တွန်းထားသည်။