

MT News
၂၁. ၄. ၂၀၂၅
မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရမှုတွင် ပါဝင်သွားသည့် အဖြေလွှာများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပခြင်းထက် အအောင်ပေးကာ တက္ကသိုလ်ဝင်ခွင့်တွင်မှ ဖြေဆိုစစ်ဆေးသင့်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ယနေ့ထုတ်ပြန်သည့် အကြံပြုတိုက်တွန်းချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သည်လည်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ရပြီး အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၄၆၉၄၄) ဦး၏ အဖြေလွှာအုပ်ရေ (၂၈၀၉၄၀) အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ (၇၃၁၁) ဦး၏ အဖြေလွှာအုပ်ရေ (၄၃၈၂၇) အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ (၈၆၉၉) ဦး၊စုစုပေါင်း(၆၂၉၅၄)ဦးတို့၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ်တို့သည် မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဤဖြစ်ရပ်သည် ကာယကံရှင်ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများအပြင် နိုင်ငံတော်အစိုးရအတွက်လည်း ဖြေရှင်းရန်အခက်အခဲ တစ်ရပ်ကိုဖြစ်ပေါ်စေခဲ့သည်။ ဤကိစ္စတွင် နိုင်ငံတော်အနေဖြင့် လတ်တလောပြင်းထန်ငလျင်၏ နောက်ဆက်တွဲဆိုးကျိုးများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဦးစားပေး ဆောင်ရွက် နေရချိန်တွင် နိုင်ငံတော်အစိုးရနှင့် ကျောင်းသားလူငယ်ထုတစ်ရပ်လုံးက လက်ခံနိုင်မည့်ဖြေရှင်းမှု တစ်ရပ် အရေးတကြီးလိုအပ်လျက်ရှိသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ အလေးအနက်ခံယူထားသည်။
၂ဝ၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် ကြုံတွေ့ခဲ့ရသည့်ငလျင်သည် ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည့် မလွန်ဆန်နိုင်သောဖြစ်ရပ်(Force Majeure) ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ်ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ်နှစ်ပူဆင့်ပြီး မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်သည်။
သို့ပါ၍ စာမေးပွဲပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ အုပ်ချုပ်စီမံမှုလုပ်ငန်း ဝန်ထုပ်ဝန်ပိုးမရှိစေဘဲ ကျောင်းသား/သူတစ်ဦးချင်းစီအတွက်လည်း အဆင်ပြေမည့်ဖြေရှင်းမှုအဖြစ် ငလျင်ကြောင့်အဖြေလွှာ မီးလောင်ဆုံးရှုံးခံခဲ့ရသော ကျောင်းသား/သူများအား G-12 စာမေးပွဲအောင်မြင်ပြီးဟုယူဆ၍ လာမည့်ကျောင်းဖွင့်ကာလအတွက် ၎င်းတို့စိတ်ပါဝင်စားသည့် တက္ကသိုလ်တစ်ခုခုသို့ လျှောက်ထားခွင့်ပြုကာ သက်ဆိုင်ရာတက္ကသိုလ်များက ကြီးမှုးကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ G-12 တစ်နှစ်လုံး အတန်းတွင်း လစဉ်အရည်အချင်းစစ် ရမှတ်အထောက်အထားများ၊ အခြားသော လှုပ်ရှားမှုများမှ ရရှိသော ရမှတ်အထောက်အထားများဖြင့် သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် ဖြေဆိုစေသင့်ပါကြောင်းနှင့် ထိုကဲ့သို့ဝင်ရောက်ဖြေဆိုသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ သတ်မှတ်အရည်အချင်း မပြည့်မီသည့်ကျောင်းသား/သူများကို လာမည့်စာသင်နှစ်တွင် Grade-12 ၌ ပြန်လည်ပညာသင်ကြားစေသင့်ပါကြောင်း နိုင်ငံတော်အစိုးရအား ပြည်သူ့ရှေ့ဆောင်ပါတီက အကြံပြုတိုက်တွန်းထားသည်။
အထက်ပါအတိုင်းဆောင်ရွက်ပါက လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းအား ကျော်လွှားနိုင်မည့်အပြင် (က) ကျောင်းသား/သူ တစ်ဦးချင်းအနေဖြင့် ၎င်းတို့ဝါသနာပါရာ ပညာရပ်ကို ဆည်းပူးခွင့်ရရှိခြင်း၊ (ခ) လက်ခံမည့်တက္ကသိုလ်ကလည်း မိမိတို့လိုချင်သောကျောင်းသား/သူများကို ရွေးချယ်လက်ခံနိုင်ခြင်း၊ (ဂ) နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပို၍အရေးကြီးသော ငလျင်ကပ်ဘေးအလွန် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအာရုံစူးစိုက်နိုင်ခြင်း စသည့် ကောင်းကျိုးရလဒ်များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။