
၂၁. ၄. ၂၀၂၅
Written by Nay Moe
တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စစ်ပွဲဆင်နွှဲနိုင်ဖို့ မူးယစ်ဆေးကို ဖြန့်ချိ ထုတ်လုပ်ရောင်းချနေတာကြောင့် နယ်မြေလုတိုင်းရင်းသားတွေ အုပ်စိုးမှုအောက်မှာ မူးယစ်ဆေးတွေ ပေါများနေသလို TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမှာလည်း သက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲရာက မိခင်ကို ပြန်သတ်တဲ့ လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ည ၇ နာရီအချိန်မှာ တုံစင်ရွာနေ အသက် (၃၃)နှစ်အရွယ် ငြိမ်းချမ်းအောင်ဟာ မူးယစ်ဆေးဝါးများစွာသုံးစွဲပြီးနောက်မှာ နေအိမ်က ရွှေငွေပစ္စည်းခိုးယူနေချိန် မိခင်ဖြစ်သူကတွေ့ရှိသွားခဲ့တာကြောင့် အင်္ကျီတစ်ထည်ကိုယူပြီး မိခင်ဖြစ်သူရဲ့ လည်ပင်းကို ချည်နှောင်ပြီး ဆွဲညှစ်ကာ ဦးခေါင်းကိုလည်း ကြမ်းပြင်ပေါ် တွန်းချခဲ့တာပါ။
အဲဒီမှာ မိခင်ဖြစ်သူရဲ့ ဦးခေါင်းလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို နားကလည်း သွေးထွက်ပြီး သေဆုံးသွားခဲ့လို့ ဖခင်ဖြစ်သူက TNLA ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ TNLA ရဲတွေက တရားခံဖမ်းထားသလို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ် ပြောပါတယ်။