
၂၁.၄.၂၀၂၅
Translated by Htwe Ko Tun
ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်တို့၏ ဘုရားကျောင်း လက်တင်အမေရိကမှ ပထမဆုံးခေါင်းဆောင်လည်းဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့ ဧပြီလ ၂၁ ရက် အသက် ၈၈ နှစ်အရွယ်တွင် ဗာတီကန်ရှိ ကာဆာ ဆန်တာ မာတာ(casa Santa Marta) နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
ဗာတီကန် ရုပ်မြင်သံကြားက ဧပြီလ ၂၁ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
အာဂျင်တီးနားပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အသက်အန္တရာယ်စိုးရိမ်ရသော အဆုတ်ယောင်ရောဂါဖြင့် ငါးပတ်ခန့်ဆေးရုံတက်ခဲ့ရပြီးနောက် ပြန်လည်နာလန်ထ ကျန်းမာလာခဲ့ခြင်းဖြစ်သည်။ ဆေးရုံတက်နေရစဉ်က ၎င်းမှာနှစ်ကြိမ်ခန့်အထိ သေလုမျောပါးဖြစ်ခဲ့သည်။
အဆုတ်ယောင်ရောဂါကို နှစ်ကြိမ်ခံစားခဲ့ရခြင်းကြောင့် ၎င်း၏အဆုတ်များ ထိခိုက်ပျက်စီးကာ အသက်ရှုလမ်းကြောင်းကြွက်သားများလည်း တင်းမာနေခဲ့ကြောင်း ဆရာဝန်များကပြောကြသည်။ မတ်လ ၂၃ ရက်တွင် ဆေးရုံမှဆင်းလာပြီးနောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကျန်းမာရေးပြန်လည်ကောင်းမွန်ရေးအတွက် အနည်းဆုံးနှစ်လ အနားယူရန် ဗာတီကန်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် ကက်သလစ်ဘုရားရှိခိုးကျောင်း၏ အကြီးအကဲ ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ ရိုမန်ကက်သလစ်ဘာသာဝင် ၁ ဒသမ ၃ ဘီလျံ၏ ဘာသာရေးဆိုင်ရာခေါင်းဆောင်လည်းဖြစ်လာသည်။
အမည်ရင်းအားဖြင့် Jorge Mario Bergoglio ဟုသိရသော ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို အာဂျင်တီးနားမှ အီတလီသို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများမှ ၁၉၃၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းက ရိုမန်ကက် သလစ်ဘုရားကျောင်းကို ဦးဆောင်ခဲ့သည့် ပထမဆုံး လက်တင်အမေရိကနိုင်ငံသားလည်းဖြစ်ခဲ့သည်။
Ref- CNA